မြန်မာ့တပ်မတော်မှ ကရင်ပြည်နယ်တွင် မြေမြှုပ်မိုင်းများ ရှင်းလင်းမည်

...

မြန်မာ့တပ်မတော်မှ ကရင်ပြည်နယ်တွင် မြေမြှုပ်မိုင်းများ ရှင်းလင်းမည်

The Irrawaddy, 08 May 2017

URL: https://www.irrawaddy.com/news/burma/burma-army-remove-landmines-karen-state.html
ကရင်ပြည်နယ်အတွင်း ပြည်သူလူထု သွားလာရာတွင် အန္တရယ်ရှိနိုင်သည့် နေရာများကို မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ စတင်ဆွေးနွေးနေပြီဟု ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

တပ်မတော်၏ ကိုယ်စားလှယ်လည်းဖြစ်သူ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က မေလ ၅ ရက် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံအမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည့် ၁၀
ကြိမ်မြောက် JMC-Uအစည်းအဝေးအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးဝဏ္ဏအောင်က “ ကျွန်တော်တို့က လက်ရှိတော့ KNU အဖွဲ့နဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။ စရှင်းဖို့ဆိုတာကတော့ သူတို့အဖွဲ့အစည်းက သူတို့အထဲမှာလည်း ပြန်ပြီးတော့ညှိနှိုင်းပါလိမ့်မယ်။ ပြီး
တော့နောင်လာမယ့် အစည်းအဝေးတွေမှာ ကျွန်တော်တို့ ပြန်ပြောကြ ဆိုကြမှာဖြစ်ပါတယ် ” ဟုလည်းပြောသည်။

KNU က ၎င်းတို့ ဗဟိုကော်မတီအတွင်း ဆွေးနွေးပြီး အကြောင်းပြန်မည်ဖြစ်သည်ဟု တပ်မတော်ကသိထားပြီး လက်ရှိတွင် ယုံကြည်မှု တည်ဆောက်နေဆဲကာလဖြစ်သဖြင့် ယုံကြည်မှုအရ မိုင်းရှင်းလင်း
ရေးကိစ္စကိုလည်း အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက မိုင်းရှင်းမည့်နေရာများမှာ ပြည်သူလူထုသွားလာအသုံးပြုနေသည့် နေရာများသာဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

“ သူတို့(KNU) ရဲ့ တပ်စခန်းတွေကို စတင်ဆောင်ရွက်ဖို့ မရှိသေးပါဘူး။ ပြည်သူလူထုအတွက်ရည်ရွယ်ပြီး မိုင်းရှင်းရေးဆောင်ရွက်မှာပါ။ ဒါကို ၂ ဖက်သဘောတူထားတဲ့ အချက်လေးတွေလည်း ရှိပါတယ်။
နေရာသာ မသတ်မှတ်ရသေးတာ ဖြစ်ပါတယ် ” ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဆိုသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်ရာ၌ နိုင်ငံတကာမှ ကူညီမည်ဆိုပါက နည်းပညာနှင့် အထောက်အပံ့များကို လက်ခံမည်ဖြစ်ပြီး အဓိက ရှင်းလင်းမည့်သူများအဖြစ် တပ်မတော်နှင့် သက်ဆိုင်သည့် တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များကသာ မြေပြင်တွင် ရှင်းလင်းရန် တပ်မတော်က သဘောထားရှိသည်ဟုလည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန်အတွက် ပြည်ထောင်စုအဆင့် (JMC-U)က ပြည်နယ်အဆင့် (JMC-S)အဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီးဆောင်ရွက်သွားမည်ဟု သိရသည်။

မိုင်းရှင်းလင်းရေးသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

KNU က ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA ကို လက်မှတ်ရေးထိုးသည်။

NCA အခန်း(၃)ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များပါ ပုဒ်မ(၅)(င)တွင် ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသည့် မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်း
ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရနှင့် တဆင့်ချင်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ရန်ဟူ၍ ရေးသားပြဌ္ဌာန်းထားသည်။

KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက “ အထူးသဖြင့်ကတော့ ပြည်သူလူထုအတွက် သွားရေးလာရေး၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြည်သူလူထုသွားတဲ့ လမ်းကြောင်းမှာတော့ မိုင်းအသုံးပြုတာတော့
မရှိခဲ့ပါဘူး။ များသောအားဖြင့်ကတော့ စစ်ရေးအရ ဆောင်ရွက်တဲ့အခါ သုံးတာပဲရှိပါတယ် ” ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အရ မိုင်းရှင်းလင်းရေးလုပ်ဆောင်ရမည်ဖြစ်သော်လည်း မြေပြင်တွင် ရှင်းလင်းရေးမလုပ်ဆောင်မီ မိုင်းအသိပညာပေးခြင်း၊ မိုင်းရှိသည့်ဒေသများတွင် မိုင်းနှင့်ပတ်သတ်
သည့် နည်းပညာအချက်အလက်များကို စစ်တမ်းပြုလုပ်ခြင်း စသည်ဖြင့် လုပ်ငန်းစဉ်များကို အချိန်ယူဆောင်ရွက်ရဦးမည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

မိုင်းရှင်းလင်းရန်အတွက် အဆင့်ဆင့်ဆောင်ရွက်ရေးမှာ နိုင်ငံတကာ၏ လုပ်ထုံးလုပ်နည်းများဖြစ်ကြောင်း၊ ထို့ပြင် မိုင်းရှင်းနိုင်ရန်လုပ်ဆောင်ရာတွင် တဖက်နှင့်တဖက် ယုံကြည်မှု၊ အကောင်အထည်ဖော်မှု
တို့ကိုပါ တဆင့်ချင်း အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

KNU က မိုင်းအသိပညာပေးရေးကို ကရင်ပြည်နယ်ရှိ ဒေသအားလုံးနီးပါးတွင် လုပ်ဆောင်ပြီးစီးနေပြီဖြစ်ပြီး တဖက်တွင်လည်း Technical Survey (နည်းပညာပိုင်းဆိုင်ရာ ကွင်းဆင်းလေ့လာမှု) များကို အ
ချို့သောဒေသများတွင် လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် Landmine and Cluster Munition Monitor အဖွဲ့၏ Landmine monitor Myanmar/Burma country report 2016 အရ ကရင်ပြည်နယ်မှာ မြန်မာနိုင်ငံအ
တွင်း မြေမြှုပ်မိုင်းအများဆုံးရှိသည့် ဧရိယာတစ်ခု ဖြစ်ပြီး မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုမှာလည်း ကရင်ပြည်နယ်အတွင်း ဖြစ်ပွားမှုအများဆုံးဖြစ်သည်ဟု ရေးသားထားသည်။