တိုင်းနှင့်ပြည်နယ်များ ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲခွင့် UPDJC သဘောတူ

...

တိုင်းနှင့်ပြည်နယ်များ ကိုယ်ပိုင် အခြေခံဥပဒေ ရေးဆွဲခွင့် UPDJC သဘောတူ

The Irrawaddy, 12 May 2017

URL: https://www.irrawaddy.com/news/burma/ethnic-states-win-right-draft-constitutions.html
နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်အညီ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိစေရေးအတွက် ပြည်နယ် များအားလုံး ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲခွင့်ကို ယနေ့နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး
ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)က သဘောတူလိုက်ကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲတွင် ပါဝင်သူ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ ပြည်နယ်ဖွဲ့စည်းပုံရေးခွင့်ရှိခြင်းက ပြည်နယ်ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အသိအမှတ်ပြု လိုက်တာ ပဲ” ဟု နံနက်ပိုင်း ဆွေးနွေးမှုအပြီးတွင် မီဒီယာများသို့
ပြော သည်။

UPDJC ၏ ယနေ့ နံနက်ပိုင်း ဆွေးနွေးပွဲတွင် နိုင်ငံရေးက ဏ္ဍ အောက်ရှိ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့် အရေး၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး စသည့် အချက် ၇ ချက်ကို ဆွေးနွေး
ရာ ဘာသာ ရေးနှင့် နိုင်ငံရေး ရောယှက်သည့် ကိစ္စတခုမှ လွဲ၍ ကျန်ခေါင်းစဉ်များကို အတည်ပြုနိုင်ခဲ့သဖြင့် ယင်း အချက် ၆ ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဆက်လက်တင်ပြသွား မည်ဟု သိရသည်။

“ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဖို့ သဘောထားကျသွားတယ်။ ဗမာပြည် သမိုင်းမှာ မရှိသေးဘူး။ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေမှာ ပြည်နယ်တွင်းမှာ ကျင့်သုံးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးခွင့်ကို မပေး
ဘူး။ ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး။ အခု ဒီနေ့ရခဲ့ပြီ ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

သို့သော် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့် ဖွဲ့စည်းပုံနှင့် ဆန့်ကျင် ကွဲလွဲ၍ မရဘဲ အငြင်းပွားဖွယ် ကိစ္စရပ်များ ရှိပါက ပြည်ထောင်စုအဆင့် ဖွဲ့စည်းပုံနှင့် အာဏာပိုင်တို့၏ အဆုံးအဖြတ်
အောက်တွင် ရှိရမည်ဟု သဘောတူခဲ့ရကြောင်း ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်ထံမှ သိရသည်။

KNU မှ ဖဒိုစောကွယ်ထူးဝင်းက “ ဆုံးဖြတ်ချက်တွေထဲမှာ အထူးသဖြင့် ကျနော်တို့တိုင်းရင်းသားတွေ လိုလားတဲ့ ဆန္ဒရှိတဲ့ ပြည်နယ် တိုင်းဒေသကြီးတွေမှာ ဖွဲစည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်တဲ့ အခွင့်အရေးပါရှိတယ်ဆိုတာ ဝမ်းမြောက်
မိပါတယ်။ ဒါကလည်း ကျနော်တို့ရဲ့ တဆင့်တက်ပြီးတော့ ပြည်ထောင်စု အနှစ်သာရပါတဲ့ စုဖွဲ့မှု တခုဖြစ်တဲ့ အတွက်ကြောင့် ကျေးဇူးတင်မိပါတယ် ” ဟု ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ပြည်နယ် ဖွဲ့စည်းပုံက ခန့်အပ်သည့် ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားရုံး များကို ဖွဲ့စည်းပုံနဲ့အညီ ကျင့်သုံးနိုင်ပြီး ဥပဒေအရ ပေးအပ်ထားသည့် ပြည်နယ်တွင်း လုပ်ပိုင်ခွင့် အာဏာများကို ပြည်ထောင်စု အဆင့်က စွက်
ဖက်၍ မရနိုင်ကြောင်း သိရသည်။

“ ကျနော်တို့က ရှမ်းပြည်နယ် အစိုးရကို သစ်ပင်တွေ ပြန်စိုက်ပါလားလို့ ပြောတော့ မရဘူး။ ပြည်ထောင်စုအဆင့် သစ်တောဝန်ကြီးကို မေးရဦးမယ်တဲ့။ အဲလို မရှင်းလင်းရင် တိုင်းပြည် မတိုးတက်တော့ဘူး။ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် ရှင်းရှင်း
လင်းလင်း ဖြစ်သွားရင် အဲဒါကို ပြည်ထောင်စုက ပြန်ရုတ်သိမ်းလို့ မရတော့ဘူး ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးရာတွင် “ခွဲမထွက်ရ” ဆိုသည့် စာသားကို တပ်မတော်က ထည့်ခိုင်းကြောင်း၊ ခွဲမထွက်ရ ဆိုခြင်းသည် ပြည်ထောင်စု မပြိုကွဲရေးနှင့် အဓိပ္ပါယ်တူကြောင်း၊ တပ်မတော်က ဒို့တာဝန် အရေး ၃ ပါးကို စောင့်ရှောက်
ချင်သည့် သဘောထားမျိုး ရှိကြောင်းလည်း UPDJC အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။

“တိုင်းရင်းသားတွေ ပြောနေတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး၊ အဲဒီ အခွင့်အရေး ၂ ရပ် အပြည့်အဝရတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုရင်တော့ ခွဲသွားပါ မနေနဲ့တော့ ခွဲထုတ်ပါလို့ မောင်းထုတ်တာတောင် ဘယ်သူ
မှ မသွားဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

တိုင်းပြည် နာမည်မှာလည်း ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်လာနိုင်ပြီး တပ်မတော်ကိုမူ ဖက်ဒရယ် အမည်တပ်ရန် ပြဿနာ ရှိနိုင်သဖြင့် ပြည်ထောင်စု တပ်မတော်ဟုပင် ခေါ်ဆိုနိုင်ကြောင်း လည်း ၎င်းက သုံးသပ်သည်။

ယနေ့ ဆွေးနွေးသည့် ခေါင်းစဉ်များအနက် ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည့် ကိစ္စမှာ “နိုင်ငံရေးနှင့် ဘာသာရေး ရောယှက် ခြင်း မရှိစေရ” ၊ “ ဘာသာရေးကို အခြေမခံသည့် နိုင်ငံတော် ဖြစ်စေရမည် ” စသည့် စာသားများကို ဆွေး
နွေးရာတွင် ၂ ခါ ထပ်နေခြင်း၊ မကျေလည်ခြင်းများ ရှိနေသဖြင့် ချန်လှပ်ထားခဲ့ရသည်ဟု သိရသည်။