နိုင်ငံရေးအဆင့်ဆွေးနွေးပွဲ ၂၀၁၄ ဧပြီမှာဖြစ်မြောက်လာရေးကြိုးပမ်းမည်

...

နိုင်ငံရေးအဆင့်ဆွေးနွေးပွဲ ၂၀၁၄ ဧပြီမှာဖြစ်မြောက်လာရေးကြိုးပမ်းမည်

Radio Free Asia, 25 Nov 2013

URL: http://www.rfa.org/burmese/news/uaungmin-meets-politicians-who-attended-Chiangmei-talks-11252013102649.html
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအဆင့်ဆွေးနွေးပွဲကိုလာမယ့် ၂၀၁၄ ဧပြီလလောက်မှာဖြစ်မြောက်လာအောင်ကြိုးပမ်းသွားမယ်လို့ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဒီနေ့ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးပါတီ ၁၁ ခုနဲ့ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကဦးဆောင်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအ ဖွဲ့တို့ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာမှာတွေ့ဆုံအပြီး RFA ရဲ့မေးမြန်းချက်အပေါ်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကအခုလိုပြောလိုက်တာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်ထိုးတာကတော့ကျနော်တို့ကဒီဇင်ဘာပြီးရင်တော့ဘယ်နေ့လုပ်မယ်ဆိုတာပါလာမှာပေါ့၊သို့သော်လည်းပဲဒီ လုပ်ငန်းစဥ်ကအစပဲရှိသေးတယ်၊သူတို့တောင်းဆိုနေတာကနိုင်ငံရေးဆွေး နွေးပွဲလုပ်ပေးပါ၊ကျနော်တို့နိုင်ငံရေးဆွေးနွေးပွဲစလုပ်မှာပေါ့၊ကျနော်မှန်းတာ ကတော့ဒီ ၂၀၁၄ ခုနှစ်ဧပြီလလောက်မှာစလုပ်နိုင်အောင်ကြိုးစားကြည့်မယ်၊ဘာဖြစ်လို့လဲဆိုတော့ကျနော်တို့ကဒီဥစ္စာကိုတစ်နှစ်ပဲအချိန်ရတယ်။

အပစ်ခတ်စဲရေးကနေနိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာဖို့အတွက်ရည်ရွယ်ချက်နဲ့နိုင်ငံရေးပါတီ ၁၁ ပါတီကခေါင်းဆောင်တွေဟာထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့နိုဝင်ဘာလ ၂၂ ရက်နေ့ကဆွေးနွေးခဲ့ကြပါတယ်။

အဲဒီချင်းမိုင်ဆွေးနွေးပွဲကတွေ့ရှိချက်တွေကိုဒီနေ့မြန်မာငြိမ်ချမ်းရေးစင်တာမှာဝန်ကြီးဦးအောင်မင်းတို့နဲ့တွေ့ဆုံပြီးရှင်းပြပါတယ်။လာမယ့်ဒီဇင်ဘာလအတွင်းကရင်ပြည်နယ် ဘားအံမြို့မှာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့အစိုးရပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းကော်မတီတို့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

အဲဒီဆွေးနွေးပွဲကနေတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးနိုင်မယ်လို့လည်းမျော်လင့်ကြောင်းသိရပါတယ်။ လတ်တလောမှာတော့ရန်ကုန်မြို့နဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပြည်တွင်းနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေတွေ့ဆုံ ဆွေးနွေးနေကြတာပါ။