ရှစ်လေးလုံးပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်

...

ရှစ်လေးလုံးပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်

Eleven Myanmar, 20 Dec 2017

URL: http://www.elevenmyanmar.com/politics/12849
ရှစ်လေးလုံးအမည်ဖြင့် နိုင်ငံရေးပါတီထူထောင်ရန်အတွက် ပါတီမှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပါတီဖြစ်မြောက်ရေးဗဟိုလုပ်ငန်း
ကော်မတီဦးဆောင်အဖွဲ့တာဝန်ခံ ဦးကိုကိုကြီးက လာရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“နယ်အသီးသီးက ရဲဘော်တွေကိုပါစုစည်းပြီးတော့ ဓမ္မိပိယမှာ ပါတီရဲ့ အလံတံဆိပ် သင်္ကေတ ဖွဲ့စည်းပုံကစပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အားလုံးရဲ့စုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီကို
ဒီနှစ်မကုန်ခင် ဒီဇင်ဘာလမကုန်ခင်မှတ်ပုံတင်မယ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်ကိုလည်း ပြည့်မီအောင် တောက်လျှောက်ပြင်ဆင်ကြိုးစားခဲ့ပြီးတော့ ဒီနေ့မှာတော့ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်
တာဖြစ်ပါတယ်”ဟု ဦးကိုကိုကြီးက မှတ်ပုံတင်လျှောက်ထားအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ရှစ်လေးလုံးပါတီအနေဖြင့် နိုင်ငံသားတိုင်း လူမျိုးမရွေးဘာသာမရွေး၊ ကျား၊မ မရွေး အဆင့်အတန်းမရွေး ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူခံစားနိုင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဒီမိုကရက်တစ်
ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ရေး၊ လွတ်လပ်ပြီးတရားမျှတသည့် စျေးကွက်စီးပွားရေးစနစ်ဖော်ဆောင်ရေးစသည်တို့ကို အဓိက ရည်ရွယ်ချက်မူဝါဒများအဖြစ် ချမှတ်ထားကြောင်း၊ အလုပ်သမား
အရေး ၊ လယ်သမားအရေး၊ လူငယ်များအရေးနှင့် နိုင်ငံခြားဆက်ဆံရေးအပိုင်းစသည့် ရည်ရွယ်မူဝါဒများကိုလည်း ဆွေးနွေးဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ရှစ်လေးလုံးပါတီအနေဖြင့် လက်ရှိတွင် ပါတီဝင်အင်အား ၁၀၀၀ ကျော်ရှိကြောင်း၊ ပါတီ၏ ယုံကြည်ချက်မူဝါဒများနှင့် တူညီသောအဖွဲ့အစည်းများနှင့် မဟာမိတ်မူဝါဒကျင့်သုံးသွားရန်လည်း ပါတီက ချမှတ်
ထားကြောင်း သိရသည်။