၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီတွင်း ပြုပြင်ပြောင်းလဲရေးများ NLD စတင်

...

၂၀၂၀ ရွေးကောက်ပွဲ အတွက် ပါတီတွင်း ပြုပြင်ပြောင်းလဲရေးများ NLD စတင်

The Irrawaddy, 05 Jan 2018

URL: https://www.irrawaddy.com/news/burma/nld-embarks-internal-revamp-ahead-2020-vote.html
လက်ရှိ အာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)အနေဖြင့် ပြိုင်ဆိုင်မှု ပိုများလာနိုင်ခြေရှိသည့် ၂၀၂၀ ရွေး ကောက်ပွဲအတွက် ပါတီအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ နှင့် ၃၁ ရက်တို့က ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေး တွင် ပါတီအနေဖြင့် အာဏာရပြီး ၂ နှစ်တာအတွင်း စွမ်း ဆောင်ချက်များကို ပြန်လည် သုံးသပ်ခဲ့ပြီးအားနည်းချက်များ ကိုလည်း စိစစ်ခဲ့ကြောင်း NLD ထိပ်ပိုင်း ပါတီဝင်များက ပြောသည်။

ပါတီအနေဖြင့် ၎င်း၏အဓိက ဗဟိုအဖွဲ့များဖြစ်သည့် အလုပ်အ မှုဆောင်အဖွဲ့များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် လုပ် ငန်းအဖွဲ့များကို အဆင့်ဆင့် ပြန်လည်ဖွဲ့စည်း အားဖြည့်သွားမည်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပြသည်။

အဆိုပါ ပြုပြင်ပြောင်းလဲရေးများကို ယခုနှစ် ပထမ ၆ လအတွင်း ပြီးစီးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ယမန်နှစ်ကုန်ပိုင်းကတည်းက ပါတီ၏ ဗဟိုပြန်ကြားရေး၊ အမျိုးသမီးရေးရာ၊ အလုပ်သမားရေးရာ၊ တောင်သူလယ်သမားရေးရာနှင့် စီးပွားရေးလုပ်ငန်း ကော်မတီများကို အဖွဲ့ဝင်များ အစားထိုးခြင်း၊ ပြန်လည် ဖွဲ့စည်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခများအကြား တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့နိုင်ရေးကိုလည်း ပါတီက အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

စစ်ရှောင်ဒုက္ခသည်များဖြစ်သော အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအပြင် ကချင်၊ ရှမ်းနှင့် ကယားပြည်နယ် (ကရင်နီ) တို့တွင် ပြန်လည်နေရာချထားရေးနှင့် အခြားသောလူသားချင်းစာနာမှု အထောက်အပံ့များ ပေးသွားမည်ဟု မုံရွာအောင်ရှင်က ပြောသည်။