ရှုံးနိမ့်သော်လည်း နိုင်ငံရေးပါတီငယ်များမှ ၂၀၂၀ ရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်

...

ရှုံးနိမ့်သော်လည်း နိုင်ငံရေးပါတီငယ်များမှ ၂၀၂၀ ရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်

Myanmar Times, 01 Oct 2018

URL: https://www.mmtimes.com/news/small-political-parties-prepare-2020-elections-despite-losses.html
မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အပြင် နိုင်ငံရေးပါတီ ၁၀၀ နီးပါးရှိသည်ဆိုတာကို သိကြပါသလား။ အများစုမှာ ဒေသ ကြီးနှင့် ပြည်နယ်ဆိုင်ရာပါတီများဖြစ်ကြသည်။ ၎င်းတို့ပါတီများသည် ယခင်ရွေးကောက်ပွဲတွင် အခြေအနေမလှဖြစ်ခဲ့သော်လည်း ၎င်းတို့အနေနှင့် အနိုင်ရရန်အတွက် နည်းလမ်းများရှာဖွေခြင်းကိုတော့ ဘယ်တော့မျှ ရပ်တန့်နေမည် မဟုတ်ပေ။

၂၀၁၁ ခုနှစ်၌ ပါတီစုံစနစ်စတင်ကတည်းကပင် နိုင်ငံရေးပါတီ ၉၅ ခုသည် ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ခဲ့သည်။

“ ပါတီများလာတယ်ဆိုတာ လူတွေက နိုင်ငံရေးကို စိတ်ဝင်စားလာတယ်လို့ဆိုရမှာပေါ့။ နိုင်ငံရေးပါတီတွေကနေတဆင့် သူတို့ရဲ့အိုင်ဒီယာတွေကိုထည့်ဖို့အတွက် နိုင်ငံရေးမှာ ပါဝင်ချင်လာကြတယ် ” ဟု ကိုလိုနီခတ်အတွင်း ဖက်စစ်ဆန့်ကျင်သည့် ပြည်သူ့လွတ်မြောက်ရေးခေတ်ကတည်းကပင် နိုင်ငံရေးလုပ်လာသူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဥက္ကဌ စစ်ပြန်ဟောင်းနိုင်ငံရေးသမားဦးသုဝေက ပြောခဲ့ သည်။

ကော်မရှင်၏အဆိုအရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး၌ အောက်လွှတ်တော်၊ အထက်လွှတ်တော်၊ ဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တို့တွင် အမတ်နေရာ ၁၁၇၁ ခုအတွက် နိုင်ငံရေးပါတီ (၉၀) ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ပါတီ ၆ ခုမှာ မဲဆန္ဒနယ်ရာပေါင်းများစွာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ပါတီအများစုမှာ မဲဆန္ဒနယ် ဆယ်ခုထက်နည်းပါးစွာ ယှဉ်ပြိုင်ခဲ့ကြသည်။

ပါတီ ၇ ခုမှ ကိုယ်စားပြုအရွေးခံသည့်ကိုယ်စားလှယ်လောင်းများသည် ပြည်နယ်နှင့်ဒေသကြီးလွှတ်တော်များတွင် နေရာ ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရှမ်းပြည်နယ်၌ အင်အားကြီးသော တိုင်း ရင်းသားပါတီများထဲမှတစ်ခုဖြစ်သည့် ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီသည် နေရာ ၁၂၀ ခုအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် နေရာ ၉၀ ခုအတွက် ယှဉ် ပြိုင်ခဲ့သည်။

ကျန်သည့်ပါတီများမှာ ၎င်းတို့အနိုင်ရမည်ထင်သည့်နေရာများတွင်သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နိုင်ငံရေးပါတီ ၂၀ ခုသာ ပြီးခဲ့သည့် ရွေးကောက်ပွဲကြီးတွင် အောင်ပွဲခံနိုင်ခဲ့သည်။ NLD သည် နေရာအများဆုံး အနိုင်ရခဲ့သည်။ ၎င်း၏နောက်တွင် USDP ၊ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းအမျိုးသားပါတီတို့ အနိုင်ရသည်။

ပြီးခဲ့သော ရွေးကောက်ပွဲတွင် ၎င်းတို့၏စွမ်းဆောင်ရည်နည်းပါးခဲ့သော်လည်း ထိုပါတီအများစုမှာ ၎င်းတို့၏ကိုယ်စားလှယ်လောင်းများကို လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းရန် ဆုံးဖြတ်ခဲ့ သည်။

“ကျွန်တော်တို့ နိုင်ငံဒီမိုကရေစီရရှိအောင် ကျွန်တော်တို့ ကူညီပေးချင်ပါတယ်။ ပါတီက တစ်ဦးတယောက်ချင်းထက်ပိုပြီး များများလုပ်ဆောင်နိုင်ပါတယ်။ အမှားတွေကိုထောက်ပြနိုင်မှသာ ပါတီကပိုပြီး ထိရောက်မှာပါ။ လွှတ်တော်မှာ ကျွန်တော်တို့မပါနိုင်ရင်တောင် လွှတ်တော်အပြင်ကနေပြီး အစိုးရဆီကို စကားသံတွေ အကြံပေးမှုတွေ ပေးချင်ပါတယ်” ဟု ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်ပါတီဥက္ကဌ ဦးရဲထွန်းက ပြောသည်။

၎င်းတို့ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေရာ ၃၉ခုအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁ နေရာသာ အနိုင်ရရခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် နေရာ ၄၇ ခုအတွက် ထပ်မံ ယှဉ်ပြိုင်ခဲ့သော်လည်း နေရာ တစ်ခုတစ်လေသော်မှ အနိုင်မရရှိခဲ့ပေ။

“အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်တို့ရုံးခန်းငှားရယ်၊ အဖွဲ့ဝင်တွေ စုဆောင်းရယ်၊ မဲဆွယ်စည်းရုံးရေးဆင်းရတယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ပေမယ့် လူထုက ကျွန်တော်တို့ပါတီကို သတိပြု မိလာအောင် ကျွန်တော်တို့ ဆက်လက်အားထုတ်သွားမှာပါ။ ကျွန်တော်တို့ပါတီရှေ့ဆက်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အိမ်တွေနဲ့ မြေကို ပေါင်နှံထားခဲ့ရပါတယ်”ဟု ဦးရဲထွန်းက ပြောပြခဲ့သည်။

ကော်မရှင်တွင် တိုင်းရင်းသားပါတီ ၅၀ ကျော်သည်လည်း လာရောက်မှတ်ပုံတင်ခဲ့သည်။

မြန်မာ့နိုင်ငံရေးအား ရာစုနှစ်ဝက်လောက်ထိ နိုင်ငံရေးပါတီတစ်ခုတည်းကသာ ကြီးစိုးခဲ့သည်၊ ပါလီမန်ဒီမိုကရေစီအကူးအပြောင်းတွင်မှ တိုင်းရင်းနိုင်ငံရေးပါတီများသည် ၎င်းတို့ကိုယ်ပိုင် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အခွင့်အရေးရခဲ့သည်။

အရှိုချင်းအမျိုးသားပါတီမှ အတွင်းရေးမှူး ဦးဆလိုင်းအောင်မင်းလှိုင်က မိမိပါတီသည် ချင်းတိုင်းရင်းသားအခွင့်အရေးအတွက် တွန်းအားပေးလုပ်ဆောင်ကြောင်း ပြောခဲ့သ​ည်။

“ချင်းလူမျိုးတွေအခွင့်အရေးအတွက် ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့နဲ့ ရရှိဖို့အတွက် ပါတီကို ဖွဲ့စည်းခဲ့တာပါ။ နိုင်ငံရေးပါတီဖွဲ့စည်းခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်စားပြုဆောင်ရွက်ပေးတာတွေက ပိုမိုထိရောက် မှုရှိခဲ့တယ်လို့ ထင်ပါတယ် ” ဟု သူက ပြောသည်။ ပါတီသည် ၂၀၁၅ ခုနှစ်တွင် နေရာ ၈ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မည်သည့်နေရာတွင်မျှ အနိုင်မရရှိခဲ့ပေ။

ရှမ်းပြည်နယ်ရှိ အခါအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူးဖြစ်သူ ဦးအားလယ်က အခါလူမျိုးများ စည်းလုံးမှုရှိစေရန်အတွက် ပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“အခါဆိုတာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ တတိယအကြီးဆုံးတိုင်းရင်းသားအစုပါ။ သူတို့ကို ဘာသာရေးက နှစ်ပေါင်းရာချီ ဦးဆောင်ခဲ့ပါတယ်။ ဘာသာက လူထုက ဦးဆောင်ရတာ လွယ်တဲ့အလုပ်မ ဟုတ်ပါဘူး။ ကျွန်တော်တို့လူမျိုးတွေက ဗုဒ္ဓဘာသာ၊ ရိုးရာနတ်နဲ့ ခရိယာန်အစရှိ ဘာသာတွေကို ကိုးကွယ်ကြပါတယ် ဟု သူကပြောသည်။

၂၀၁၅ ခုနှစ်တွင် ၎င်းတို့ပါတီသည် နေရာ ၆ ခုအတွက် ယှဉ်ပြိုင်ခဲ့ပြီး အခါတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကံကောင်းထောက်မလှစွာ အနိုင်မရခဲ့ပေ။

ရှုံးနိမ့်ခဲ့သော်လည်း ၎င်းပါတီဝင်များ၏ စိတ်အားထက်သန်မှုကတော့ မှေးမှိန်မသွားခဲ့ကြောင်း ဦးအားလယ်ပြောသည်။

၂၀၁၀-၂၀၁၈ တွင် ကော်မရှင်သည် နိုင်ငံရေးပါတီ ၁၅ ခုကို ဖျက်သိမ်းခဲ့သည်၊ ၎င်းတို့ထဲမှ ၈ ခုသည် ရွေးကောက်ပွဲတွင် အနည်းဆုံး ၃နေရာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ကို ပျက်ကွက်ခဲ့သောကြောင့်ဖြစ် သည်။ ဥပဒေအရ ရွေးကောက်ပွဲတွင် အနည်းဆုံး ၃နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ပျက်ကွက်ခြင်းရလဒ်အနေဖြင့် ပါတီသည် အသိအမှတ်ပြုခြင်း မခံရတော့ပေ။

အခြားသောပါတီများသည် အခြားပါတီများနှင့်အတူ ပေါင်းစည်းရန်အတွက် စည်းကမ်းနှင့် မညီညွတ်သောကြောင့်ဖြစ်သည်။

ပါတီ၃ ခုပေါင်းစည်းခဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူးဖြစ်သူ ဦးစောမြင့်ထွေးက ပေါင်းစည်းခြင်းသည် လူထုအား ပိုမိုအားကောင်းသည့်နိုင်ငံရေးဆိုင်ရာကိုယ်စားပြုပေးနိုင်ရန် ရည်ရွယ်သည်။

“လူထုက ကျွန်တော်တို့ကို ပေါင်းစည်းစေချင်ခဲ့တယ်၊ ဒါကြောင့် မူတွေမတူပေမယ့် ကျွန်တော်တို့ပေါင်းစည်းခဲ့တာပါ” ဟု သူက ပြောသည်။

၎င်းတို့ အနေနှင့် အခက်အခဲများ ရင်ဆိုင်ရသော်လည်း နိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းကာလတွင် ၎င်းတို့သည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ကစားနေရခြင်းဖြစ်သည်ဟု နိုင်ငံရေပါတီငယ်များ ကယုံကြည်နေကြသည်၊ အဘယ့်ကြောင့်ဆိုသော် လူထု၏အသံကို ကြားနိုင်ရန် လိုအပ်သောကြောင့်ဖြစ်သည်။

၎င်းတို့သည် နောက်ဆုံးတွင် ညွန့်ပေါင်းအစိုးရ၏ တစိတ်တပိုင်းဖြစ်လာမည်ဖြစ်ပြီး ပြည်သူ၏အကျိုးစီးပွားကို အကောင်းဆုံးကိုယ်စားပြုဆောင်ရွက်ပေးနိုင်သည်ဟု ပါတီများမှ ခေါင်းဆောင်များက ယုံကြ သည်ကြသည်။ အဟန့်အတားအနှောင့်အယှက်များရှိသော်လည်း ဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာနိုင်ငံရေးသို့သွားရာတွင် ၎င်းတို့၏ ယုံကြည်ချက်သည် ဆက်လက်ခိုင်မာနေဆဲဖြစ်သည်။