လက်မှတ်မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်း ဖန်တီးပေးနိုင်မှသာ မျှော်မှန်းထားသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်မည်ဟု KNU ပြောကြား

...

လက်မှတ်မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်း ဖန်တီးပေးနိုင်မှသာ မျှော်မှန်းထားသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်မည်ဟု KNU ပြောကြား

Eleven Myanmar, 08 Oct 2018

URL: http://www.elevenmyanmar.com/politics/15394
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သည့် အခင်းအကျင်း ဖန်တီးပေးနိုင်မှသာ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျှော်မှန်းထားသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်မည်ဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောကြားသည်။

NCA တွင် နှစ်ဖက်သဘောတူညီခဲ့ကြသည့် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် နိုင်ငံရေး၊ ဆွေးနွေးပွဲများ၏ ရလဒ်နှင့်အညီ တည်ဆောက်ရန်ဖြစ်သောကြောင့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ဘုံရည်မှန်းချက်၊ ဘုံစံတန်ဖိုးများကို နှစ်ဖက်သဘောတူ ချမှတ်နိုင်ရေးအတွက် ညှိနှိုင်းမည့် မူ ချမှတ်ရန် လိုအပ်သည်ဟု KNU က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ တစ်ဆို့မှုများသည် တစ်ခုတည်းသော တပ်မတော်ကို လက်ခံရန် တောင်းဆိုသည့် ကိစ္စ၊ ပြည်ထောင်စုမှ ခွဲမထွက်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စများဖြစ်ကြသည်။

ထိုအကြောင်းကိစ္စများကို အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် EAOs ထိပ်သီးအစည်းအဝေးတွင် တင်ပြညှိနှိုင်းရန် KNU ၏ အမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများရရှိရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကို သုံးကြိမ်ပြုလုပ်ပြီး ရရှိနိုင်ရန် ကြိုးပမ်းမှုများသည် အထက်ပါ တစ်ဆို့မှုများအား ညှိနှိုင်း ဖြေရှင်းနိုင်ရေးအပေါ် မူတည်နေသည်ဟု ယုံကြည်ကြောင်းလည်း KNU က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများကို လာမည့် ၂၀၁၉ ခုနှစ်တွင် သုံးကြိမ်ပြုလုပ်၍ ဒီမိုကရေစီ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ရရှိအောင် ဆောင်ရွက်သွားမည်ဟု အ စိုးရဘက်က အသိပေးပြောကြားထားသည်။

ကေအဲန်ယူအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစိုက်မတ်မတ် အားသွန်ခွန်စိုက်ပါဝင်လာခဲ့ရာ လက်ရှိတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် တစ် ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက် အဆိုပါတစ်ဆို့မှုများကို ကျော်လွှားနိုင်ရန် မကြာမီပြုလုပ်မည့် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ ယခုသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ဝ လက်နက်ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ မိုင်းလားအဖွဲ့ ၊ တအန်းလက်နက်ကိုင်အဖွဲ့ ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေးအတွက် အလျဉ်းသင့်သလို ညှိနှိုင်းဆွေးနွေး နေဆဲဖြစ်သည်။