ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ငွေ စတင်ပေးမည်

...

ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ငွေ စတင်ပေးမည်

Karen news, 25 Jan 2019

URL: http://karennews.org/2019/01/government-plans-to-offer-monthly-support-to-pregnant-women-and-children-aged-under-two/
ကရင်ပြည်နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်(ရက် ၁,၀၀၀ အောက် ) ကလေးငယ်များကို လာ မည့် ဇန်နဝါရီလကုန်မှ စတင်ပြီး ထောက်ပံ့ငွေများ စတင်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထောက်ပံ့ကြေးငွေများကို နိုင်ငံတော်အစိုးရ၏ ပြည် ထောင် စုဘတ်ဂျက်ဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချ ထားရေးဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အရ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဝန် ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက “မြန်မာနိုင်ငံမှာ ပုညက်မှုနှုန်းတွေများတယ်။ ကလေးတွေက မိခင်ဝမ်းထဲကနေ စပြီးတော့ အဟာရပြည့်စွာ မစားရဘူးလို့ ပညာရှင်တွေက ယူဆတယ်။ အဲ့ဒါကြောင့် ကလေးတွေ မိခင်တွေ အဟာရ ပြည့်ပြည့်ဝဝ စားရမယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ ပြုစုစောင့် ရှောက်မှုခံယူရမယ်ဆိုတဲ့ ရည်ရွယ်ချက် ရယ်၊ မိခင်သေနှုန်း လျော့နည်းအောင် ရည်ရွယ်ချက်နဲ့ ပေးတာဖြစ်တယ်။ ”ဟု ပြောသည်။

ထိုသို့ပေးအပ်ရာတွင် ကလေးငယ်များအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့နောက်ပိုင်း မွေးဖွားသူများကို သာ အကျုံးဝင်မည်ဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ရက်(၁,၀၀၀) အောက် ကလေးငယ်များ အဟာရပြည့်ဝ စေရန်အတွက် တစ်လလျှင် ၁၅,၀၀၀ကျပ်ဖြင့် ၃ လတစ်ကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

“ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း စောင့်ရှောက်မှုတွေကို ခံယူရမယ်။ ကိုယ်ဝန်ဆောင် မိခင်ဆိုရင် ကာကွယ်ဆေးပုံမှန်ထိုးရမယ်။ ကိုယ်ဝန်စောင့်ရှောက်မှု မှတ်တမ်းရှိရမယ်။ ကလေးအတွက်ဆိုရင် မွေးစာရင်းပါရမယ်။ ကာ ကွယ်ဆေးထိုးတဲ့ မှတ်တမ်းတွေပါရမယ်။ အဲ့အချက်နဲ့ ကိုက်ညီတဲ့သူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတစ် ဆင့်ပေးသွားမယ်”ဟု ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဆက်ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်ရှိ မြို့နယ် (၇)မြို့ နယ်အပြင် ငြိမ်းချမ်းရေးအဖွဲ့အစည်းရှိသည့် ကျေးရွာများကိုလည်း ကရင်လူမှုရေး နှင့် ကျန်းမာရေးအဖွဲ့အစည်းတို့ဖြင့် ချိတ်ဆက်၍ ထောက်ပံ့ကြေးပေးသွားမည် ဖြစ်သကဲ့သို့ ထောက်ပံ့ငွေများ အလဟဿ မဖြစ်စေရေး အတွက် ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ကျေးရွာများသို့ အသိပညာပေးသင်တန်းပေးခြင်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးသွားမည်ဟုလည်း ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနတာဝန်ရှိသူများက ပြောသည်။

၂၀၁၇ ခုနှစ်မှ စတင်၍ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ရခိုင်ပြည်နယ်များတွင် အဆိုပါ ထောက်ပံ့ပေး မှုများရှိနေပြီး ယခု ကရင်ပြည်နယ်အပြင် ကယားပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးများတွင်လည်း ဆက်လက်ထောက် ပံ့ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။