KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် အလွတ်သဘောတွေ့ဆုံ၊

...

KNPP နှင့် ငြိမ်းချမ်းရေး ကော်မရှင် အလွတ်သဘောတွေ့ဆုံ၊

Network Media Group, 16 Jan 2019

URL: https://www.bnionline.net/en/news/knpp-peace-commission-hold-informal-meeting
ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP က ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးနိုင်ရန် တစ်စို့နေသော အချက်များ တင်ပြခဲ့ သည်ဟု ပြောသည်။

“ဒီနေ့တော့ ကျနော်တို့ အဓိကတော့ KNPP ဘက်က အကြောင်း အရာ ၂ ချက်တင်တာပေါ့နော်၊ ပထမ တစ်ချက် က မြေပြင်အနေအထား အခုလတ်တလော ၂၀၁၈ ခုနှစ်အတွင်းမှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ထိန်းချူပ်တဲ့နယ်မြေမှာ ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေ၊ အဲ့ဒီ မြေပြင်အနေအထားကို ဆွေးနွေးဖို့ တင်ထားတယ်၊ နောက်တစ်ချက်က KNPP အနေနဲ့ NCA ရေးထိုးနိုင်ဖို့လေ တစ်စို့မှုတွေရှိတော့ အဲ့ဒါတွေကို ဘယ်လိုဖြေလျှော့ပြီး တော့မှ ဆက်ပြီးတော့ သွားနိုင်မလဲ ဆိုတဲ့ အကြောင်းအရာ နှစ်ခုကို ကျနော်တို့အဓိက ဆွေးနွေးတယ်”ဟု KNPP မှ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အငြိမ်းစား ဒု ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့နှင့် ဒုဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့တို့ ဇန္နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ၃ နာရီကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

NCA လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရန် နယ်မြေတွင်း ပြသနာများ အရင်ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရန်အတွက် လစဉ်ကျင်းပနေသည့် ပြည်နယ်အဆင့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ကော်မရှင် PC မှ ကိုယ်စားလှယ်တစ်ဦး စေလွတ်ပြီး ညှိနှိုင်းသွားရန်နှင့် ရရှိလာသည့် ခြေလှမ်းပေါ်မူတည်၍ NCA ရေးထိုးနိုင်ရေး ကိစ္စများကို ဆက်လက်ညှိနှိုင်းသွားမည်ဟုလည်း KNPP က ဆက်ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်ကလည်း ယနေ့ဆွေးနွေးပွဲတွင် တိုးတက်မှုများ ရခဲ့သည်ဟု ပြောသည်။

“အဓိကကတော့ ဒီနေ့ လာတာလည်း အများကြီး ကောင်းပါတယ်၊ ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်တယ်၊တိုးတက်မှုတွေလည်း အများကြီးရတယ်၊” ဟု အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးဇော်ဋ္ဌေးက ပြောသည်။

ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ KNPP ရဲဘော် သုံးဦး နှင့် အရပ်သားတစ်ဦး သေဆုံးမှုကိစ္စ၊ ပြည်နယ်အဆင့် လစဉ် အစည်းအဝေး ကျင်းပမှုကိစ္စများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့သော်လည်း အလွတ်သဘောဆွေးနွေးပွဲ ဖြစ်သောကြောင့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ် သဘောတူညီခဲ့ခြင်း မရှိဟု KNPP က ပြောသည်။