ပလက်ဝမှ ရာနှင့်ချီသော ချင်းနှင့်ရခိုင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

...

ပလက်ဝမှ ရာနှင့်ချီသော ချင်းနှင့်ရခိုင်များ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

The Irrawaddy, 06 Feb 2019

URL: https://www.irrawaddy.com/news/hundreds-arakanese-chin-flee-bangladesh-army-aa-clash-paletwa.html
တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းမှ ချင်းနှင့် ရခိုင်တိုင်းရင်းသား နေရပ်စွန့်ခွာသူ ၂၅၀ ခန့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အတွင်းသို့ လွန်ခဲ့သော တပတ်က ထွက်ပြေးရ သည်။ဆေးဝါးနှင့် တခြား အကူအညီပေးရေး လုပ်သားများသည် ထိုသူများထံ သွားရောက်ရန် ကြိုးစားနေသော်လည်း ထိုနေရာ သည် ရောက်ရှိရန် လွန်စွာ ခက်ခဲသောနေရာဖြစ်သည်။ လွန်ခဲ့ သော ရက်သတ္တပတ်ကုန်အတွင်းက ရီမာခရီ နယ်ခြားစောင့်တပ် စခန်းမှ ၁၁ ကီလိုမီတာ အကွာရှိ သူရစ်စာပရာခေါ် သစ်တော ထူထပ်သည့် နေရာမှ ကျေးရွာတရွာတွင် ထိုစစ်ဘေးရှောင်များ ကို တွေ့ခဲ့ကြောင်း ရူမာအပ်ပါဇီလာ ခရိုင်ခွဲတွင် အခြေစိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန် ခရိုင် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ရူမာဒေသခံများ၏ ကနဦးသတင်းများအရ စစ်ဘေးရှောင်များသည် မြန်မာနိုင်ငံ အနောက်ဖက်နယ်စပ်မှ ရီမာခရီသို့ ရောက်ရန် နှစ်ရက်ခန့် တောကြမ်းလျှောက်ခဲ့သည်ဟု သိရသည်။ ကယ် ဆယ်ရေး အဖွဲ့များသည် ရီမာခရီသို့ ကားဖြင့်မသွားနိုင်ဘဲ ရူမာမှ လှေဖြင့်သွားကာ သူရစ်စာသို့ ၆ နာရီအကြာ ခြေလျင် သွားကြရသည်။ ထားရန်နေရာ မရှိသောကြောင့် စစ်ဘေးရှောင်များကို ဒေသခံများက ဝင်ခွင့်မပေးပေ။

ထို့ကြောင့် စစ်ဘေးရှောင်များ အားလုံးသည် စမ်းချောင်းတခု အနီးတွင် အစားအစာ၊ တာပေါ်လင် သို့မဟုတ် စောင် လုံလောက် စွာ မရှိဘဲ နေထိုင်နေကြသည်။

ထိုအုပ်စုတွင် မွေးကင်းစ အနည်းငယ်အပါအဝင် ကလေးငယ် ၆၀ ခန့် ပါကြောင်း ဦးဝင်းသိန်းက ပြောသည်။ ဒုက္ခသည် များတွင် စောင်နှင့် အနွေးထည်လည်း မရှိကြပေ။ အနွေးထည် မရှိသောကြောင့် ကလေးများ နမိုးနီးယား ဖြစ်နိုင်ကြောင်းနှင့် ကလေး ၅ ဦးမှာ တနင်္လာနေ့မှ စတင်၍ သတိလစ်နေကြောင်း ဦးဝင်းသိန်းက ပြောသည်။

ရီမာခရီမှ ရူမာသို့ ပြန်ရောက်သောအခါ ကလေးများကိုကယ်ရန်နှင့် တခြား ဒုက္ခသည်များကို အရေးပေါ် ကုသမှုပေးရန် ဆရာဝန် များနှင့် အခြား ကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။ လူ့အခွင့်အရေး ကာကွယ်သူ တဦးအနေဖြင့် ထိုဒေသသို့ ပေးပို့သည့် အကူအညီများကို မပိတ်ဆို့ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို တိုက်တွန်း ထားကြောင်း သူက ပြောသည်။ ဒုက္ခသည်များထံ ဆေးနှင့် အစားအစာ ပေးပို့နိုင်ခြင်းမရှိပါက အပူပိုင်း ရာသီဒေသမှ အအေးပိုင်း ရာသီဒေသသို့ မကြာမီကမှ ရောက်လာသည့် ကလေးများသည် သေနိုင်သော နမိုးနီးယား ရောဂါရနိုင်ကြောင်း သူက ပြောသည်။