လေ့လာသူအဖြစ် ၂၁ ရာစုပင်လုံညီလာခံကို မွန်ပြည်သစ်ပါတီ တက်ရောက်လိမ့်မည်မဟုတ်

...

လေ့လာသူအဖြစ် ၂၁ ရာစုပင်လုံညီလာခံကို မွန်ပြည်သစ်ပါတီ တက်ရောက်လိမ့်မည်မဟုတ်

Mon News Agency, 14 Feb 2017

URL: http://monnews.org/2017/02/14/nmsp-denounces-observer-role-in-21st-century-panglong-conference/
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)သည် ဒုတိယအကြိမ်ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံတွင် ၎င်းတို့အား လေ့လာသူအဖြစ်သာတက်ရောက်ခွင့်ပြုမည်ဆိုပါက
၎င်းတို့အနေနှင့် တက်ရောက်လိမ့်မည်မဟုတ်ကြောင်း NMSP ဥက္ကဌ နိုင်ထောမွန်က ပြောကြားလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေဖြစ်သည့် ဂျပန်ရေတွင်းကျေးရွာ၌ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၏ အကြိမ်(၇၀)မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပအပြီး
တွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဘာမှတင်ပြပြောဆိုခွင့်မရှိဘူးဆိုရင် ၂၁ ရာစုပင်လုံညီလာခံကိုမတက်ပါဘူး၊ ကျွန်တော်တို့ကိုလေ့လာသူအဖြစ်နဲ့ပဲ တက်ရောက်ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်တို့မတက်ပါဘူး ” ဟု နိုင်ထောင်မွန်
ကပြောသည်။

“ UNFC တောင်းဆိုတဲ့အချက်(၉)ချက်ကို လက်ခံရင်ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးမယ်။ ကျွန်တော်တို့ UNFC တပ်ပေါင်းစုမူအတိုင်းရပ်တည်နေတယ်” ဟု ထပ်ပေါင်းပြောကြားခဲ့သည်၊

UNFC တောင်းဆိုသည့်အချက်(၉)ချက်ကို အနှစ်ချုပ်မည်ဆိုပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေငြာရန်၊ NCA တွင် နိုင်ငံတကာအသိသက်သေများပါဝင်ရေးနှင့် နိုင်ငံရေးပြဿနာများ
အား သုံးပွင့်ဆိုင်ဖြေရှင်းရေးတို့ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂၁)ဖွဲ့အနက် (၈)ဖွဲ့သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မွန်ပြည်သစ်ပါတီအပါအဝင် ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ NCA လက်
မှတ်မရေးထိုးနိုင်သေးပေ။

NMSP ဦးဆောင်ကျင်းပသော ဂျပန်ရေတွင်းကျေးရွာတွင်ပြုလုပ်သည့် အကြိမ်(၇၀) မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ TPP အခြေစိုက်မွန်အမျိုးသမီးအဖွဲ့၊ မွန်ကျန်းမာရေးနှင့် ပညာရေးအဖွဲ့၊
စစ်မှုထမ်းဟောင်းများနှင့် ရပ်မိရပ်ဖများအပါအဝင် လူပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသည့် ဂျပန်ရေတွင်းရွာရှိ ဘောလုံးကွင်းတွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်ပြည်
နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သတိပေးအကြောင်းကြားစာပေးပို့ခဲ့သည်။

အကြိမ်(၇၀)မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်ပြည်နယ် ကျိုက်မရောမြို့တွင်လည်း ကျင်းပခဲ့ပြီး မွန်ပြည်နယ်တွင်သာမက ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့
တွင်လည်းကျင်းပပြုလုပ်ခဲ့သလို မွန်လူမျိုးများ ပြန်လည်အခြေချနေထိုင်သည့် အမေရိကန်နှင့် သြစတေးလျနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း ကျင်းပခဲ့သည်။