၁၈ လအတွင်း ရေးတစ်မြို့နယ်လုံး မီးလင်းစေရမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

...

၁၈ လအတွင်း ရေးတစ်မြို့နယ်လုံး မီးလင်းစေရမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ပြောကြား

Mon News Agency, 13 May 2017

URL: https://monnews.org/2017/05/13/all-ye-township-will-have-electricity-within-18-months-says-mon-chief-minister/
မွန်ပြည်နယ်(၁၀)မြို့နယ်အနက် ရေးမြို့နယ်တခုသာ အစိုးရလျှပ်စစ်မီးမရရှိသေးသော်လည်း ယနေ့ရက်မှစပြီး(၁၈)လအတွင်း ရေးမြို့နယ်တခုလုံး လျှပ်စစ်မီးရရှိစေရမည်ဟု ရေးမြို့နယ်ဒေသခံများနှင့်
မေလ(၁၂)ရက်နေ့ ရေးမြို့ရွှေဆံတော်ဓမ္မာရုံတွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ မွန်ပြန်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားလိုက်သည်။

တွေ့ဆုံပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌ ဒေါ်တင်အိနှင့် ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ
နှင့်ရေးမြို့ဒေသခံပြည်သူများက ၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ဝန်ကြီးချုပ်က “ ဒီနေ့ကျွန်တော်လာတာမေလ ၁၂ ရက်နေ့ ၊ ၂၀၁၈ မေလ ၁၂ ရက်နေ့မှာ ဆိုလို့ရှိရင် ကျွန်တော်တို့ ရေးမြောက်ပိုင်း ၁၅ ရွာလောက်မှာ မီးလင်းမှာ ဖြစ်ပါတယ်။ ဒီကနေစပြီး (၁၈)လ
ကြာရင် ရေးမြို့နယ်တစ်မြို့နယ်လုံး ကျေးရွာအားလုံး မြို့ပါမကျန် လျှပ်စစ်မီးအကုန်လုံးရရှိမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါလျှပ်စစ်မီးရရှိပြီးနောက် သုံးစွဲသူတွေအနေနဲ့ လျှပ်စစ်မီတာခအား တစ်ယူနစ်လျှင် ၂၁၀ကျပ်/၂၂၀ ကျပ် ဝန်းကျင်အတွင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ရေးမြို့ခံဦးသန်းစိုးက “ အစိုးရလျှပ်စစ်မီးရရှိဖို့က ဝန်ကြီးချုပ်ပြောပြီးပြီဆိုတော့ ကျွန်တော်ထပ်ပြောစရာ မရှိတော့ပါဘူး။ ဒါပေမယ့် မြို့တွင်းအဝေးပြေးလမ်းမတလျှောက်ရှိ ဓာတ်မီးတိုင်တွေမှာတော့
ဖြစ်နိုင်ရင် မီးတွေကို တပ်ဆင်ပေးစေလိုပါတယ်” ဟု ဆိုသည်။

အဆိုပါမြို့တွင်းအဝေးပြေးလမ်းမတလျှောက်ရှိ ဓာတ်တိုင်များတွင် မီးတပ်ဆင်ထားခြင်းမရှိသောကြာင့် ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပွားတတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ အစိုးရကပေးတဲ့ မီးကိုရခဲ့မယ်ဆိုရင်တော့ မီတာစျေးနှုန်းကို တခြားမြို့နယ်က စျေးနှုန်းနဲ့ အတူတူရရှိချင်ပါတယ်။ သူများ ၃၅ကျပ်ဆို ကျွန်မတို့မြို့နယ်မှာလဲ ၃၅ကျပ်ဖြစ်စေချင်တယ်” ဟု ရေးမြို့ခံ
ဒေါ်စန်းကြည်က ပြောသည်။

ရေးမြို့ပေါ်စျေးကွက်များနှင့် အဘော်ကျေးရွာ၊ ဒူးရားကျေးရွာ၊ အစင်ကျေးရွာ၊ ဇီးဖြူသောင်ကျေးရွာများတွင် မြတ်သူရထွန်းကုမ္ပဏီမှ မီတာခတစ်ယူနစ်လျှင် ၄၀၀ကျပ်ဖြင့် ဖြန့်ဝေပေးလျှက်ရှိပြီး ရေး
မြို့နယ်အတွက် Bedok Construction & Engineering Co;Ltd နှင့် SEGEP ကုမ္ပဏီတို့ကို လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးရန် မွန်ပြည်နယ် လွှတ်တော်က ခွင့်ပြုထားသည်။

သို့ရာတွင် ရေးမြို့နယ်တစ်ခုလုံးအတွက် အစိုးရလျှပ်စစ်မီး မည်သည့်ကာလတွင် အစားထိုးဖြန့်ဝေနိုင်မည်ကို ဝန်ကြီးချုပ် ခန့်မှန်းပြောဆိုခဲ့ခြင်းမရှိပေ။