မွန်ပြည်နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော် ပြန်လည်ရွေးချယ်မည်

...

မွန်ပြည်နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော် ပြန်လည်ရွေးချယ်မည်

Burma News International, 30 Nov 2017

URL: https://www.bnionline.net/en/news/mon-state-set-administrative-shake-upcoming-local-elections
မွန်ပြည်နယ်အတွင်း ယခင်သမ္မတသက်တမ်း လက်ထက်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ရွေးချယ်သွား မည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော်ကို တတိယ အကြိမ်ပြင်ဆင်ထားသည့် ရပ်/ ကျေးအုပ်ချုပ်ရေး ဥပဒေ နှင့်အညီ ပြန် လည် ရွေးချယ်သွားရန် စီမံဆောင်ရွက် နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး
ဦးမြင့်သန်းဝင်းက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြော သည်။
“ရွေးမှာက အားလုံးတော့မဟုတ်ဘူး၊ တင်ပြလာတဲ့ စီမံ ချက်အရဆိုရင် ၉၀ ရာခိုင် နှုန်းကျော်ကျော်လောက် အရေ အတွက်တော့မသိဘူး ပြန်ရွေးချယ်ရမယ်၊ ကျန်တဲ့ဟာက လက်ရှိ သမ္မတသက်တမ်းနဲ့အညီ တက်လာတဲ့လူလည်း
ဖြစ်တယ်၊ တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေနဲ့အညီ ရွေးချယ်ထားတဲ့လူလဲဖြစ်တယ်၊ အဲလူတွေ ကျန်ခဲ့မယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်မည့်ရက်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း ဒီဇင်ဘာ လကုန်အပြီး ရွေးချယ်သွားရန် ခန့်မှန်းထားသည်ဟု ၄င်းက ဆက်ပြောသည်။

“ဒီဇင်ဘာလအကုန်အပြီး ရွေးချယ်ဖို့အတွက် ခန့်မှန်းထားတယ် သို့ပေမယ့် မြေပြင်မှာ လုပ်ရကိုင်ရ အခက်အခဲအခြေအနေ အ ကြောင်းကြောင်းကြောင့်ပေါ် မူတည်ပြီးတော့ ဒီဇင်ဘာလကျော်ရင်လည်း ကျော်မှာပေါ့ ဇန်နဝါရီလ
လောက် ဖြစ်ရင်လည်း ဖြစ်မှာပေါ့ အတိအကျဘယ်နေ့ အပြီးရွေးပါဆိုပြီးတော့ မပြောထားဘူး” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

လက်ရှိတွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် စတင်ဆောင်ရွက်နေပြီး ကြီးကြပ်ရေးမှူးအဖွဲ့များ ဖွဲ့စည်းပြီးပါက ၄င်းတို့ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ရွေးချယ်ဆောင်ရွက်နိုင်ရန်
ရက်တိုသင်တန်း ပို့ချပေးသွား မည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၆၈ ဦးရှိပြီး NLD အစိုးရလက်ထက်တွင် မြေယာကိစ္စ၊ အဂတိ လိုက်စားမှုကိစ္စနှင့် ကျင့်ဝတ် ဖောက်ဖျက်မှုတို့ဖြင့် တိုင်ကြားခံရပြီး တာဝန်မှ ရပ်စဲခံရသူရှိသည့်အတွက် ပြန်လည်
ရွေးချယ်ထားသည့် ရပ်/ကျေးအုပ် ချုပ်ရေးမှူးများရှိသည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ပြဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေတွင် အုပ်ချုပ်ရေးများ၏ သက်တမ်းသည် သမ္မတ သက်တမ်းအတိုင်းဖြစ်ရမည်ဆိုပြီး ပြင်ဆင်ပြဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၁၈၈အရ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ အစိုးရက ခန့်အပ်ရမည် ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၉အရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာရပ်
ကွက်သို့မဟုတ် ကျေးရွာကသာ ရွေး ချယ်ရမည်ဟု ပြဌာန်းထားသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ရာတွင် ရပ်/ကျေးအုပ်စုများတွင် ကြီးကြပ်ရေးမှူး (၅)ဦးစီကို ကနဦး ရွေးချယ်ရမည်ဖြစ်ပြီး ထိုမှတဆင့် ဆယ်အိမ်စု၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ရွေးချယ်ရမှာဖြစ်သည်။ ရာအိမ်မှူး
များထဲမှ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအတွင်း အမှန်တကယ်နေထိုင်သူများက မဲပေးစနစ်ဖြင့် ရွေးချယ်ရမည်ဟု သိရသည်။