ကယားပြည်နယ်တွင် မယ်စဲ့နယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်လှစ်မည်

...

ကယားပြည်နယ်တွင် မယ်စဲ့နယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်လှစ်မည်

Myanmar Times, 13 Dec 2017

URL: https://www.mmtimes.com/news/kayah-may-open-me-se-border-crossing.html
ကယားပြည်နယ်၊ မယ်စဲ့ နှင့် ထိုင်းနိုင်ငံ ၊မဲ့ဟောင်ဆောင်ရှိ ခွန်းယွမ်တို့အကြား နယ်စပ်ဖြတ်ကျော်သည့်ဂိတ်ကို နောက်လ ကယားပြည်နယ်နေ့မတိုင်မီ ဖွင့်လှစ်ရန်ရှိကြောင်း လွိုင်ကော်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ
ဦးလင်းဇော်ထွဋ်က တနင်္လာနေ့က ပြောခဲ့သည်။

နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များသည် အောက်တိုဘာလ၌ နယ်စပ်ကို လာရောက်စစ်ဆေးခဲ့ပြီး ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုမှုကို စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောခဲ့သည်။

“ဇန်နဝါရီလ(၁၅)ရက် ကယားပြည်နယ်နေ့ မတိုင်ခင် ခွင့်ပြုမိန့်ကျလာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”ဟု ဦးလင်းဇော်ထွဋ်က ပြောခဲ့သည်။

၎င်းတို့မှ ခရီးသည်များ လွိုင်ကော်ခရိုင်တွင် (၇)ရက်နှင့် (၆)ည နေထိုင်နိုင်ဖို့ ခွင့်ပြုပေးရန် တောင်းခံထားကြောင်း ၎င်းက ပြောခဲ့သည်။

လုံခြုံရေးအရ ကယားပြည်နယ်ရှိ မြို့နယ်(၇)ခုတွင် လွိုင်ကော်မြို့ တစ်မြို့တည်းကိုသာ အစိုးရမှ နိုင်ငံခြားဧည့်သည်များ ညအိပ် ညနေ နေထိုင်ခွင့် ပြုထားသည်။

ကယားပြည်နယ်နှင့် လွိုင်ကော်မြို့ ဟိုတယ်နှင့်ခရီးသွားလာရေးဌာနသည် ၂၀၁၅ ခုနှစ်ကထဲကပင် နယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်ပေးဖို့ ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း နယ်စပ်နယ်နိမိတ်သည် မြေပုံမမှတ်ရသေးဘဲရှိနေပြီး ပြည်နယ်ရှိ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့သည်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးရသေးဘဲရှိနေသောကြောင့် နယ်စပ်ဖွင့်ရန် ကြိုးပမ်းဆောင်ရွက်မှုများသည် နှောင့်နှေးနေခဲ့သည်ဟု ၎င်းကပြောခဲ့သည်။

လွိုင်ကော်တွင် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့် ကျေးရွာ(၄)ရွာရှိသည်။ ကမ္ဘာလှည့်ခရီးသွားများ အတွက် မိုးဗြဲဆည်ကို ကယားအစိုးရမှ ပြီးခဲ့သည့်လက ဖွင့်လှစ်ပေးခဲ့သည်။ လွိုင်ကော်မြို့တော်နှင့် အင်းလေးကန်တောင်ပိုင်းအ
ဆုံးအကြားတွင်ရှိသည့် မိုးဗြဲမြို့အနီးရှိ ဆည်ကို လုံခြုံရေးအရ နှစ်(၂၀)နီးပါး ပိတ်ထားခဲ့ရသည်။

ခရီးသွားများအတွက် ဟိုတယ်၊တည်းခိုခန်း၊ မိုတယ် စသည်ဖြင့် စုစုပေါင်း (၁၆)ခုတွင် အခန်းပေါင်း(၃၄၇)ခန်းရှိပြီး ဆောက်လက်စနောက်ထပ်ဟိုတယ်(၁၃)လုံးတွင် အခန်းပေါင်း(၃၆၀)ရှိကြောင်း ၎င်းကပြောသည်။

လွိုင်ကော် ဟိုတယ်နှင့် ခရီးသွားလာရေးဌာန၏ ပြောကြားချက်အရ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် (၆၄၀၀)ဦးနှင့် ပြည်တွင်းခရီးသွားဧည့်သည် (၁၇၀၀၀)ဦး လာရောက်လည်ပတ်ခဲ့ကြာင်း သိရသည်။ ယခုနှစ် နိုဝင်ဘာလအထိ ပြည်တွင်းခရီးသွားဦး
ရေ(၂၀၀၀၀)ကျော် နှင့် နိုင်ငံခြားသားဧည့်သည် (၆၅၀၀)ဦး လာရောက်လည်ပတ်ကြကြောင်း သိရသည်။