မြန်မာတပ်မတော်နှင့် KNPP ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံး၊ အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲ

...

မြန်မာတပ်မတော်နှင့် KNPP ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံး၊ အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲ

Kantarawaddy Times, 25 Dec 2017

URL: https://www.bnionline.net/en/news/four-knpp-soldiers-dead-one-civilian-missing-after-tatmadaw-raids-highway-outpost
တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၇ မိုင်ရှိ KNPP ကင်းစခန်းတာဝန်ကျ တပ်သား ၄ ဦး သေဆုံးခဲ့ကာ ယင်းစခန်းတွင် ရှိနေသော အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ဒီဇင်ဘာ ၂၂ နေ့က ပြော ကြားလိုက်သည်။

လွိုင်ကော်မြို့အထွက် ရှားတောသွားလမ်း ကေအဲန်ပီပီ၏ ကင်းစခန်းအား ဒီဇင်ဘာလ ၂၀ ရက်နေ့ ၈ နာရီဝန်းကျင် ခန့်က တပ်မတော်အင်အား ၆၀ ခန့်လာရောက် ဝိုင်းဝန်း ပိတ်ဆို့ရာကကင်းစခန်း တာဝန်ကျ KNPPတပ်သား ၄ ဦးနှင့် အရပ်သား ၁ ဦး အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ပီပီဆက်ဆံရေးရုံး (လွိုင်ကော်)က ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ ကေအဲန်ပီပီ၏ တာဝန်ရှိသူ များမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ဆက် သွယ်ညှိနှိုင်းခဲ့ပြီးမှ ၇ မိုင် ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦးမည်သို့သေ
ဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် အရပ်သား ၁ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

ဒကစ၏ အဆိုအရ အခင်းဖြစ်ပွားပြီး KNPP တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့၏ ရုပ်အလောင်းအား တပ်မတော်မှ မီးသင်္ဂြိုဟ်လိုက်ကာ အရိုးအိုးများကို မိမိတို့အား ပြန်လည်ပေးအပ်ခဲ့သည်ဟု ခူဒယ်နီယာယ်က ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါနေရာသို့ KNPP မှ သွားရောက်စစ်ဆေးခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခာဏာများ မတွေ့ရ သည့်အပြင် မီးသင်္ဂြိုဟ်ထားသော အနေအထားများလည်း မတွေ့ ရှိခဲ့ရကြောင်း အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောသည်။

“ကျနော်တို့ ခံစားရတာကတော့ မတရားဘူး။ တကယ်လို့ တိုက်ပွဲဖြစ်လို့ ကျတယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် အကျအဆုံးတော့ ရှိမှာပဲလေ။ စစ်တပ်မှာလည်းသူတို့ ဥပဒေရှိတာပဲ။ ဥပမာ ဘာမှ ခုခံမှုမလုပ်ဘဲနဲ့ လာတဲ့လူတစ်ယောက်ကို သူတို့ သတ်ပိုင် ခွင့်မရှိဘူး။ သူတို့ ဥပဒေကို သူတို့ ချိုးဖေါက်တာပဲလို့ ကျနော်မြင်တယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သော ကင်းစခန်းနှင့် အနီးဆုံးနေရာရှိ ဈေးဆိုင်၏ ဆိုင်ရှင်ကို ကန္တာရဝတီတိုင်း(မ်)မှ သွားရောက် မေးမြန်းခဲ့ရာတွင်လည်း ဒီဇင်ဘာ ၁၉၊၂၀ ရက်နေ့အတွင်း ယင်းနေရာများ၌ တိုက်ခိုက်ပစ်ခတ်သံများ တစုံတရာမကြားမိကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါ KNPP တပ်သား ၄ ဦးသေဆုံးမှုသည် နိုင်ငံရေးဖြင့် အကောင်းဆုံးပြေလည်နိုင်မည့်နည်းလမ်းဖြင့် အဖြေရှာမည်ဟု ခူဒယ်နီ ယာယ် က ဆက်ပြောသည်။

“ကျနော်တို့ အကောင်းဖက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှု ကျူးလွန်တဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ” ဟု ခူဒယ်နီယာယ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေသို့ ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယင်းကိစ္စအား တပ်အပ်မပြောနိုင်သေးကြောင်း၊ ပြည်နယ်အစိုးရမှ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဖြေကြားသည်။

“တပ်မတော်နဲ့ ပြည်နယ်ဝန်ကြီးနဲ့ ကေအဲန်ပီပီနဲ့ သူတို့ဖာသာ ညှိနှိုင်းရှင်းလင်း တိုင်ပင်ဆွေးနွေးတိုင်ပင်ပြီးတော့ ပြည်နယ်တစ်ခု လုံးမှာ နဂိုမူလအတိုင်းပဲ သွားလာလှုပ်ရှားရတဲ့ အဆင့်မှာပဲ ဒီအတိုင်းပဲရှိတယ် ” ဟု လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြော ကြားသည်။

ယင်းကိစ္စမတိုင်ခင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော ဒကစ၏ ရိက္ခာယာဉ်များတွင် သစ် များသယ်ဆောင်သည်ဟုဒေသခံများ သတင်းပေးချက်အရ
အဆိုပါ ၇ မိုင်ဂိတ်မှ KNPPတပ်သားများမှ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါ ကင်းစခန်းကို တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒကစ(လွိုင်ကော်)၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သော ဗိုလ်မှူးမျိုးမင်းထံသို့ ကန္တာရဝတီတိုင်း(မ်)က ဖုန်းဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၂ နာရီက ၃ ကြိမ်
တိတိ ဆက်သွယ်ခဲ့သော်လည်းဖုန်းပိတ်ထားသည်။

အဆိုပါ ၇ မိုင် ကေအဲန်ပီပီ ကင်းစခန်းသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေး ထိုးထားပြီးနောက် တရားမဝင် သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။