ဟိုတယ်လုပ်ငန်းအားလုံး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရန်လိုအပ်

...

ဟိုတယ်လုပ်ငန်းအားလုံး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရန်လိုအပ်

Myanmar Times, 05 Feb 2018

URL: https://www.mmtimes.com/news/myanmar-aims-harmonise-hotel-industry-environment.html
တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပွင့်လင်းမြင်သာရှိလာတာနဲ့အမျှ ကျွဲကူးရေပါဆိုသလို ခရီးသွားလုပ်ငန်းလည်း တိုးတက်ကောင်း မွန်လာပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့
ဟိုတယ်တွေရဲ့ အခန်းကဏ္ဍကလည်း အိပ်ပျော်နေရာကနေ တစ်ဖန်နိုးထ အသက်ဝင်လှုပ်ရှားလာခဲ့တာ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁,၆၀ဝ နီးပါးရှိနေပါပြီ။

အတိအကျဆိုရရင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၅၉၀ မှာ အခန်းပေါင်း ၆၉,၃၇၈ ခန်း ရှိပါတယ်။ ဒီပမာဏက လက်ရှိဝင်ရောက်နေတဲ့ နိုင်ငံခြားသား ခရီးသွားများ
ကို ဝန်ဆောင်မှု ပေးနိုင်တဲ့ အခန်းအရေအတွက်ထက် သာလွန်နေ ပါတယ်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက တိုက်ရိုက်ပတ်သက်နေတဲ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမှာ ဟိုတယ်တွေရဲ့ အခန်းကဏ္ဍက လည်း အရေးပါနေပါတယ်။ ယခုနှစ်ဆန်းပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်
မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ မြန်မာ နိုင်ငံက ဟိုတယ်ငါးလုံးက အာဆီယံအစိမ်းရောင်ဟိုတယ်ဆု (ASEAN Green Hotel Awards) လက်ခံရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁,၆၀ဝ နီးပါးရှိပေမဲ့ အာဆီယံ သတ်မှတ်ချက်စံနှုန်းအရ ဆုရတဲ့ ဟိုတယ်က နှစ်စဉ် ၁၀ လုံးထက် မပိုတာကြောင့် ကျန်တဲ့ ဟိုတယ်တွေက သဘာဝပတ်ဝန်း
ကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

အာဆီယံအစိမ်းရောင် ဟိုတယ်ဆုအတွက် အဓိကကျတဲ့ သတ်မှတ်ချက်စံနှုန်းနဲ့ လိုအပ်ချက် ၁၁ ချက်ရှိတဲ့အနက် သဘာဝ ပတ်ဝန်း ကျင်နဲ့ ပတ်သက်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းလည်း ပါဝင်ပါ
တယ်။

သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ထမ်းများကို အခါအားလျော်စွာ သင်တန်း ပို့ချပေးခြင်း၊ စွန့်ပစ်အညစ်အကြေးကို ပြန်လည်သန့်စင် အသုံးပြုခြင်း၊ စက်ကိရိယာများ
အသုံးပြု၍ ရေထုအဆိပ်အတောက်ဖြစ်စေမည့် အရာများမှ ကာကွယ်ခြင်းနှင့် အညစ်အကြေးထုတ်လွှင့်မှု လျော့ချခြင်း၊ စွမ်းအင် ချွေတာသုံးစွဲခြင်း၊ ဓာတ်ငွေနှင့် အဆိပ် ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ
ယိုစိမ့်မှု မရှိစေရန် သိုလှောင်ကန်တွေ ပုံမှန်စစ်ဆေး ဆောင်ရွက်ခြင်းစတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဟိုတယ်တွေရဲ့ စွန့်ပစ်ပစ္စည်းနဲ့ ရေဆိုးထုတ်လွှင့်မှုကို စောင့်ကြည့်လေ့လာနေခြင်း မရှိသေးတဲ့အတွက် ဟိုတယ်အားလုံးက ရေဆိုး သန့်စင်မှုစနစ်၊ သို့မဟုတ် စက်ကိရိယာ တပ်ဆင်အသုံးပြုခြင်း ရှိ၊ မ
ရှိ ပြောဖို့ခက်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှုး ဦးမျိုးဝင်းညွန့်က ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ရေဆိုးစွန့်ပစ်မှုနဲ့ ပတ်သက်ပြီး သတ်မှတ်ချက် စည်းကမ်းများ လိုက်နာမှုမရှိတဲ့ ဟိုတယ်တွေကို လုပ်ငန်းလိုင် စင် ပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာ
တာနဲ့အမျှ ဟိုတယ်တွေမှာ ရေဆိုးသန့်စင်တဲ့ စက်ကိရိယာ (သို့) စနစ် မဖြစ်မနေ လိုအပ်ပါတယ်။

နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနဲ့ဆက်စပ်ပြီး ဝင်ရောက်လာတဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ဒီစနစ် ပါဝင်လေ့ရှိပေမဲ့ နိုင်ငံသားပိုင် အသေးစား နှင့် အလက်စား ဟိုတယ်လုပ်ငန်းအများစုကတော့ ထိုစနစ်နဲ့ အလှမ်း
ကွာဝေးနေပါသေးတယ်။

ရေဆိုးသန့်စင်စက် တစ်လုံးကို အနည်းဆုံး ကျပ်သိန်း ၅၀ မှ ၃၀ဝ အထိရှိပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ သန့်စင်ပေးနိုင်တဲ့ ရေဆိုး သန့်စင်စနစ်တပ်မယ်ဆိုရင် သက်ဆိုင်ရာ ဟိုတယ်အမျိုးအစားပေါ်မူတည်
ပြီး ဈေးနှုန်းကွာခြားချက်ရှိနိုင်ပါတယ်။ ဟိုတယ်တစ်ခု မတည်ဆောက်ခင် စွန့်ပစ်အညစ်အကြေးတွေကို ဘယ်လိုစီမံခန့်ခွဲ စွန့်ပစ်ပါမယ်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု စီမံကိန်း (EMP) ရေးဆွဲပြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို တင်ပြရပါတယ်။

သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဟိုတယ်လုပ်ငန်းကိုသာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက ထောက်ခံချက်ထုတ်ပေးမှာ ဖြစ်ပါ တယ်။ ထိုထောက်ခံချက်ပါမှ ဟိုတယ်နှင့် ခရီးဝန်းကြီးဌာနကို ဟိုတယ်
ဆောက်လုပ်ခွင့်နဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရဲ့ အဓိက စက်ယန္တရားဖြစ်တဲ့ ဟိုတယ်လုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်ရန် အရေးကြီးသလို ထိုဟိုတယ်လုပ် ငန်းများဟာ ခရီးသွားလုပ်ငန်းရဲ့ ပင်မရေသောက်မြစ်ဖြစ်တဲ့ သဘာဝ
ပတ်ဝန်းကျင်၊ ဂေဟစနစ်များနဲ့ သဟဇာတဖြစ်မဖြစ် စစ်ဆေး ဆောင်ရွက်ရန်လည်း အရေးတကြီး လိုအပ်လှပါတယ်။