နိုင်ငံအကျိုး မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

...

နိုင်ငံအကျိုး မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

The Irrawaddy, 02 Feb 2018

URL: https://www.irrawaddy.com/news/burma/daw-aung-san-suu-kyi-urges-lawmakers-treat-comrades.html
နိုင်ငံ၏ အကျိုးအတွက် မည်သူနှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင် ရမည် ဖြစ်၍ တဦးနှင့်တဦး ရဲဘော်ရဲဘက် စိတ်ဓာတ်လည်း ထား ကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယနေ့ နေပြည်တော်တွင်
ကျင်းပသည့် ဒုတိယ အကြိမ် လွှတ်တော်များ ၂ နှစ်ပြည့် အခမ်းအနားတွင် ပြောသည်။

“နိုင်ငံအတွက် ဆိုလို့ရှိရင် ဘယ်အစုအဖွဲ့က ဘယ်အစုအဖွဲ့နဲ့ မ တည့်နိုင်ဘူးဆိုတာ လုံးဝ မရှိသင့်ဘူး။ နိုင်ငံ့အကျိုးအတွက် ပူး ပေါင်း ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုတာ ဘယ်တော့မှမဖြစ်ရ ဘူး။ နိုင်ငံအကျိုးအတွက်ဆိုရင် ဘယ်သူနဲ့မဆို
ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ နောက်ပြီးတော့ ကျမတို့ အချင်းချင်းတွေပဲ” ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

မဲဆန္ဒရှင်တယောက်အနေဖြင့်၊ ပြည်သူတယောက်၊ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတယောက်၊ အစိုးရအဖွဲ့ဝင်တယောက် အနေဖြင့် ပြောဆိုခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံး၏တန်ဖိုးသည် အလွန်ကြီးကြောင်း၊ လွှတ်တော်
ကိုယ်စားလှယ်ဟု ဆိုရာတွင် တပ်မတော်သား ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ အားလုံးက စုပေါင်း၍ လုပ်ရမည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

“ကိုယ်နဲ့မတူတဲ့ ပါတီတွေ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့ မလိုပါဘူး။ အမြင်ချင်းမတူပေမယ့်လည်း မတူကွဲပြားမှုတွေ ရှိပေမယ့် လည်း စု စည်းနိုင်တယ် မတူကွဲပြားမှုအပေါ် အခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ တကယ့်စစ်မှန်
တဲ့ ဒီမိုကရေစီ စိတ်ဓာတ် ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွှတ်တော်သက်တမ်း၂နှစ်အတွင်း အရပ်ဘက်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကြားတွင် နိုင်ငံတော်နဲ့ နိုင်ငံ သား အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သည့် အပိုင်းတွင် မျှော်လင့်ထားသလောက် အားမကောင်းကြောင်း၊
အာဏာရပါတီက တပ်မတော်၊ လူနည်းစု တိုင်းရင်းသား အဖွဲ့များနှင့် ထိထိရောက်ရောက် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လိုအပ်နေသေးကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဒီမိုကရေစီစနစ်သည် ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်သော်လည်း တခြားစနစ်များထက် သာလွန်၍ ယင်း စနစ် တည်တံ့ ခိုင်မြဲ၍ မှန်ကန်သည့် လမ်းကြောင်းပေါ်မှာ ဆက်သွားနိုင်ရေး ကြိုးစားရာတွင် လွှတ်တော် ကိုယ်စားလှယ်များက
ပါဝင်ရန် လိုကြောင်း၊ ဒီမိုကရေစီ စနစ် ခိုင်မာရန် ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင် နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့၃ခုစလုံး လက်ညီတက်ညီနှင့် ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့သည်။