ကြာအင်းဆိပ်ကြီး-ချောင်းဆုံ(ဘုရားသုံးဆူ)လမ်းပေါ်ရှိ မက္ကသာ တံတားဖွင့်လှစ်

...

ကြာအင်းဆိပ်ကြီး-ချောင်းဆုံ(ဘုရားသုံးဆူ)လမ်းပေါ်ရှိ မက္ကသာ တံတားဖွင့်လှစ်

The Global New Light of Myanmar, 27 Mar 2018

URL: https://issuu.com/myanmarnewspaper/docs/27_mar_18_gnlm
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး-ချောင်းဆုံ(ဘုရားသုံးဆူ) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ၂၅ ရက်က ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်သဘာဝသံယံဇာတ ထိန်းသိမ်းရေး၊ သတ္တု၊ သစ်တောနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် စသည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါလမ်းသည် ယခင်က ၁၀ မိုင်ခန့်သာ ကတ္တရာလမ်းအဖြစ်ရှိခဲ့ပြီး ကျန်လမ်းပိုင်းသည် အမာခံလမ်းအဖြစ် တည်ရှိနေရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်
သန်း ၁၂၀၀၀ ကျော်ခန့်ဖြင့် ၄၀ မိုင် ၅ ဖာလုံကို ကွန်ကရစ်လမ်းသစ်အဖြစ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသစ်သည် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘုရားသုံးဆူမြို့ကို ဆက်သွယ်သည့် မြို့နယ်ချင်းဆက်လမ်းဖြစ်သည့်အပြင် နိုင်ငံတကာဆက်သွယ်ရေးလမ်းများဖြစ်သည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ မုဒုံ-မြဝတီလမ်း တို့နှင့် ချိတ်ဆက်နေသည့်အတွက် ကရင်ပြည်နယ်အတွင်း အရေးပါသည့် လမ်းတစ်လမ်း ဖြစ်သည်။

ဆက်လက်၍ ယင်းလမ်းပေါ်ရှိ မက္ကသာတံတားဖွင့်ပွဲကို ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်သဘာဝသံယံဇာတထိန်းသိမ်းရေး၊ သတ္တု၊ သစ်တောနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စသည်တို့က ဖွင့်လှစ်ပေးခဲ့သည်။ ယင်းတံတားသည် အရှည်ပေ ၂၄၀၊ အကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်သုံးပေစီ ပါဝင်သည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကြောင်း သိရသည်။