ရန်ကုန်တိုင်း အစိုးရ ရောင်းမည့် တန်ဖိုးနည်း တိုက်ခန်း ၁ ထောင်ကျော် လျှောက်ထားသူ ၆ ထောင်ကျော်ရှိ

...

ရန်ကုန်တိုင်း အစိုးရ ရောင်းမည့် တန်ဖိုးနည်း တိုက်ခန်း ၁ ထောင်ကျော် လျှောက်ထားသူ ၆ ထောင်ကျော်ရှိ

The Irrawaddy, 19 Apr 2018

URL: https://www.irrawaddy.com/news/burma/6000-homebuyers-apply-1000-low-cost-housing-units-yangon.html
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပထမအကြိမ် ရောင်းချပေးမည့် တန်ဖိုးနည်း တိုက်ခန်း ၁ ထောင်ကျော်ကို ဝယ်ယူရန်အတွက် လျှောက်ထားသူ ဦးရေ ၆ ထောင်ကျော်ရှိကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်း အစိုးရ ပြည်သူ့အိမ်ရာ ရောင်းချ ရေးကော်မတီ အတွင်းရေးမှူး ဦးညီညီက “အမှန် တော့ ကျနော်တို့ ဆီကနေ ဖောင် ၂ သောင်း ကျော်လောက် လာဝယ်ယူတယ်ဆိုတော့ အဲဒီ လောက်ပဲ စာရင်းတက်မှာလေ။ ဒါပေမယ့် လျှောက်လွှာ လာတင်တဲ့သူက ၆ ထောင်ကျော် လောက် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ခန်း ရောင်းချရေးနှင့် ပတ်သက်၍ ယခု ဧပြီလကုန်၌ ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီ အဖွဲ့ဝင်များကို အစည်းအဝေး ခေါ်ယူဆွေးနွေးသွားမည် ဟု ဆိုသည်။

အစိုးရက အရစ်ကျ ရောင်းချမည့် တိုက်ခန်းများ ဝယ်ယူရန် လျှောက်လွှာများ လျှောက်ထားရာတွင် အငြိမ်းစား ဝန်ထမ်း များ က ၇၅၃ စောင်၊ နိုင်ငံ ဝန်ထမ်းများ ၁၇၆၁ စောင်၊ ကုမ္ပဏီဝန်ထမ်းများ ၈၄၃ စောင်နှင့် အများပြည်သူ ၂၆၆၃ စောင် စုစု ပေါင်း ၆၀၂၀ လျှောက်ထား ကြသည်ဟု ဆိုသည်။

ဖော်ပြပါ လျှောက်ထားသည့် လျှောက်လွှာ ၆ ထောင်ကျော်ကို စိစစ် ရွေးချယ်ရေးနှင့် ပတ်သက်၍လည်း ပြည်သူ့ အိမ်ရာ ရောင်းချရေး ကော်မတီ အနေဖြင့် ဌာနဆိုင်ရာများမှ ဝန်ကြီးများ အပါအဝင် အင်ဂျင်နီယာချုပ်၊ ဌာနဆိုင်ရာညွှန်မှူးများ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ အစရှိသဖြင့် တာဝန်ရှိသူများ အားလုံးနှင့် ဒီမိုကရေစီနည်းအရ အများသဘောဆန္ဒနှင့် အညီ လက်ခံပြီး ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် အိမ်ရာများသည် ဒဂုံမြို့သစ် တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့ သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင် သာယာမြို့နယ်ရှိ ရွှေလင်ဗန်း အိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ရာနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေ ပေါက္ကံ အိမ်ရာတို့ ဖြစ်ကြသည်။

ယင်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်မှ ၃၀ ရက်အထိ ရောင်းချခဲ့ခြင်းဖြစ်ကာ လျှောက်လွှာ ၁ စောင် လျှင် ကျပ် ၁ ထောင်နှုန်းဖြင့် ရောင်းချခဲ့ရာ ဝယ်ယူသူ ဦးရေ ၂ သောင်းခန့် ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ သိရ သည်။