နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဆောက်မည် The Irrawaddy, 20 April 2018

...

နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဆောက်မည် The Irrawaddy, 20 April 2018

The Irrawaddy, 20 Apr 2018

URL: https://www.irrawaddy.com/news/burma/international-university-built-naypyitaw.html
နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ သံတမန်ဇုန် နေရာတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ် တည်ဆောက်ရန်အတွက် အစိုးရကို တင်ပြထားပြီးဖြစ် ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (NPTDC) မှ သိရသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ က “တချို့မြေကွက်တွေကို ပယ်ဖျက်ပြီးတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ နိုင်ငံခြားရေးရုံး၊ နိုင်ငံတော် သမ္မတရုံးတို့က ခွင့်ပြုချက်ရတာနဲ့ နိုင်ငံတကာ တက္ကသိုလ်ကို စတင် တည်ဆောက် သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုးရီးယားနိုင်ငံ အခြေစိုက် The Founding Committee of International University in Myanmar မှ ဒေါက်တာ Mr.Sung Ki Baik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်၌ နိုင်ငံတကာတက္ကသိုလ်များတည်ဆောက်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မ တီသို့ မတ်လ အစောပိုင်းကတည်းက လာရောက် ဆွေးနွေး မှုများ ရှိသည်ဟု ၎င်း၏ အဆိုအရသိရသည်။

နေပြည်တော် တက္ကသိုလ်ကို အမည်ပေးရန် ရွေးချယ်ခြင်းမပြုရသေးကြောင်းနှင့် တက္ကသိုလ်အနေဖြင့် နေပြည်တော် ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအထောက်အကူ ပြုနိုင်ပြီးဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းခွင် အတတ် ပညာပေါင်းစုံနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ပေါင်းစုံ တက်ရောက် သင်ယူနိုင်မည့် တက္ကသိုလ်အဖြစ် တည်ဆောက် သွားမည်ဟု ဦးမင်းသူက ပြောသည်။

နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကို သံတမန်ဇုန်အဖြစ် သတ်မှတ်ထားသည့် မြေဧက ၁၅၀၀ ကျော် အနက် Junction ဈေးဝယ် စင်တာ၏ နောက်ကျောဘက်ရှိ မြေကွက်လပ်များ၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ MICC 1 နှင့် MICC2 အကြားနေရာ စသည့် ဟိုတည်ဇုန်များနှင့် ဆက်စပ်လျှက်ရှိသည့် မြေဧက ၃၀၀ ခန့်တွင် တည်ဆောက်သွားမည်ဟုသိရသည်။

နေပြည်တော်တွင် တည်ဆောက်မည့် တက္ကသိုလ်ကို ကိုးရီးယားနိုင်ငံမှ ငွေကြေး အကုန်အကျ ခံမည့်အပြင် ၎င်းတို့၏ နည်းပညာ အတိုင်းတည်ဆောက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်က မြေနေရာစိုက်ထုတ်ပေးရမည်ဖြစ်ကြောင်း၊ အစိုးရကမြေနေရာ ခွင့်ပြု သည်နှင့် တည်ဆောက်ရေး လုပ်ငန်းများစတင်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် သင်ကြားရေးပိုင်းများစတင်နိုင်ရန် စီစဉ်ထားသည် ဟု ဦးမင်းသူက ဆိုသည်။
ဇေယျာသီရိ မြို့နယ်တွင်လက်ရှိ ရှိပြီးသားဖြစ်သော တက္ကသိုလ်များမှာ သစ်တောတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ ဖြစ်သည်။