ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅, ၀၀၀ ပေးသွင်းသွားမည်ဟု UHM ဆို

...

ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅, ၀၀၀ ပေးသွင်းသွားမည်ဟု UHM ဆို

Karen Information Center, 04 Jul 2018

URL: https://www.bnionline.net/en/news/uhm-give-ks-500-million-karen-states-regional-development
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နိုင်ငံတကာအဆင့်မီ စျေးဝယ်စင်တာ-Shopping Center တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် စာချုပ်ချုပ်သည့်အချိန်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅,၀၀၀ ပေးသွင်း သွားမည် ဟု UHM ကုမ္ပဏီ Managing Director ဦးထွန်းအောင်ရွှေက ယနေ့(ဇူလိုင် ၃ ရက်)တွင် ပြောသည်။UHM ကုမ္ပဏီအနေဖြင့် ယခုလအတွင်း ပြည်နယ်အစိုးရနှင့် စာချုပ် ချုပ်ဆိုရန်ရှိနေပြီး ဇူလိုင် ၁ ရက် နေ့မှ စတင်ကာ စီမံကိန်းအကြိုလုပ်ငန်းများအဖြစ် မြေညှိ မြေရှင်းခြင်း၊ ခြံခတ်ခြင်း ပြုလုပ်ပြီး နောက် တည်ဆောက်ရေးလုပ်ငန်းများအား သြဂုတ်လတွင် စတင်လုပ်ဆောင်မည်ဟုလည်း ဦးထွန်းအောင်ရွှေက ဆက်ပြောသည်။

Shopping Center အတွက် လွန်ခဲ့သော မတ်လက စတင် တင်ဒါခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁၀ ခုကျော် လျှောက်ထား ခဲ့ရာ ထိုအထဲမှ ချစ်လင်းမြိုင်အစုအဖွဲ့၊ ဂမုန်းပွင့်၊ UHM စသော ကုမ္ပဏီများကို မေလ ၃၁ ရက် နေ့တွင် ပဏာမ ရွေးချယ်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့က အဆိုပါ ကုမ္ပဏီ ၃ ခုမှ တင် ဒါအောင်မြင်သွားသည့် UHM Development Co.Ltd ကုမ္ပဏီ၏ အမည်ကို ဇွန် ၂၁ ရက်နေ့တွင် ကြေညာခဲ့ပြီး Shopping Center ကို ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စုပေါင်းမြေဧရိယာ ၃ ဒသမ ၃၃၄ ဧကရှိသော ကားဝင်းဟောင်း တွင် တည်ဆောက်သွားမည်ဖြစ်သည်။

“ဇွဲကပင်ပလာဇာ” ဟု နာမည်ပေးရန်လျာထားသည့် စျေးဝယ်စင်တာထဲတွင် စျေးဆိုင်ခန်းများအပြင် ကလေးကစားကွင်းများ၊ ရုပ်ရှင် ရုံ၊ စားသောက်ဆိုင်၊ စည်းဝေးခန်းမ၊ ရုံးခန်းများ စုံစုံလင်လင် ပါရှိသွားမည်ဖြစ်ပြီး ငွေကျပ် (၁၁) ဘီလီယံ အကုန်ကျခံ တည်ဆောက် သွားမည်ဟု UHM ကုမ္ပဏီထံမှ သိရသည်။

ယခုတည်ဆောက်မည့် Shopping Mall မှာ ကရင်ပြည်နယ်အတွင်း ပထမဆုံးသော စျေးဝယ်စင်တာ Shopping Mall တစ်ခုဖြစ်လာ မည်ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်းမှရရှိလာသော အကျိုးအမြတ် ငွေပမာဏများကို ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ပြောသည်။

UMH ကုမ္ပဏီသည် ဖားအံမြို့ရှိ ရွှေဖားစည်အိမ်ရာစီမံကိန်းများ၊ ကမ်းနားလမ်းတည်ဆောက်ရေးလုပ်ငန်းများအပြင် မော်လမြိုင်မြို့ရှိ Ocean စျေးဝယ်စင်တာများ၊ အိမ်ရာစီမံကိန်းနှင့် အခြားအထင်ကရစီမံကိန်းများ ကိုလည်း တာဝန်ယူဆောက်လုပ်နေသော ကု မ္ပဏီဖြစ်သည်။