အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှတဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

...

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှတဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

Eleven Myanmar, 22 Aug 2018

URL: http://www.elevenmyanmar.com/politics/14674
အရွေးချယ်ခံမဟုတ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အတွင်းမှ လုံးဝဖယ်ရှားသွားမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစား၍ စေ့စပ်ညှိနှိုင်းမှုမှတဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ SEAS (Insitute of South East Asia Studies) တွင် သြဂုတ် ၂၁ ရက်က ပြုလုပ်သော Democratic : Challenges and Way Forward ဟောပြောပွဲတွင် ပြောကြားသည်။

အဆိုပါဟော်ပြောပွဲသို့ တက်ရောက်လာသူတစ်ဦးက စစ်တပ်အုပ်ချုပ်ရေးစနစ်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲမှုအပေါ် မပြီးပြည့်စုံသေးဟု သုံးသပ်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးစနစ်သို့ ပြီးမြောက်စွာ ပြောင်း လဲနိုင်ရန် မည်ကဲ့သို့လုပ်ဆောင်မည်နည်းဟု မေးခွန်းမေးမြန်းသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လိုက်မယ်ဆိုရင် ဥပဒေပြုအာဏာရှိတဲ့ နေရာတိုင်းမှာ တပ်မတော်က ရွေးချယ်ထားတဲ့ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တွေ့ရပါလိမ့်မယ်။ ကျွန်မတို့က ဘယ်အချိန်မဆို ၇၅ ရာခိုင်နှုန်း အတွက်ပဲ ရွေးချယ်တင်မြှောက်ခွင့်ရှိပါတယ်။ ကျွန်မအရင်က ပြောခဲ့သလိုပါပဲ။ ကျွန်မတို့ဆီမှာ ၇၅ ရာခိုင်နှုန်းအာဏာပဲရှိပြီး ခံယူရတဲ့တာဝန်ကတော့ ၁၀၀ ရာခိုင်နှုန်းပါ။

ကျွန်မတို့အဲ့ဒါကိုအရင်ပြင်ရပါမယ်။ ကျွန်မတို့ ပြင်ချင်တယ်လို့လည်း အရင်တုန်းကတည်းက တရားဝင်တင်ပြပြောကြားခဲ့ပါပြီ။ ကျွန်မတို့က ပြည်သူတွေမရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များကို ဖယ်ရမယ်။ ဒါပေ မယ့် ဖယ်ရှားတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစားပြီး တဆင့်ပြီးတဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအစိတ်အပိုင်းတချို့ကလည်း ဒီမိုကရေစီမဆန်တဲ့အ ပိုင်းဖြစ်နေပြီး စစ်တပ်ရဲ့အာဏာနဲ့သက်ဆိုင်ပါတယ်။ အဲဒါတွေအကုန်လုံးအပေါ် ကျွန်မတို့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ပြီး ပြုပြင်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေ မနာကျင်စေတဲ့နည်းလမ်းတွေ နဲ့လုပ်ရမှာပါ။ မြန်မာပြည်မှာ ဒုက္ခတွေ၊ ဆူပူမှုတွေဖြစ်ခဲ့တာများပြားလွန်းခဲ့ပြီး ပြည်သူပြည်သားတွေခံစားခဲ့ရတာ များပြားလွန်းခဲ့ပြီ။ ကျွန်မတို့ တိုင်းပြည်တစ်ခုလုံး ဗြောင်းဆန်သွားမယ့် တော်လှန်ရေးတွေမဖြစ်စေ ချင်ပါဘူး။ ကျွန်မတို့ စိတ်ရှည်ဇွဲကောင်းကောင်းနဲ့ တရားဥပဒေဘောင်ထဲကပဲ လုပ်မှာပါ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ပင်လုံအစည်းအဝေး သုံးကြိမ်မြောက် လုပ်ဆောင်ခဲ့ပြီး တစ်ကြိမ်ပြီးမြောက်ပါက အဖိုးတန်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသောတိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ပေါ်ပေါက်နေသော်လည်း တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးရရှိရန် စကားဝိုင်းများ၊ ညှိနှိုင်းမှုများအား အသုံးချပြီး ယုံကြည်မှုနှင့် နားလည်မှုတွေကို ဆက်လက်တည်ဆောက်သွားမည်ဟု ပြောကြားသည်။