နယ်စပ်ဒေသ အကူအညီများဆက်လက် ရရှိရန် စည်းရုံးလှုံ့ဆော်မှုများလုပ်ဆောင်မည် ဟု KCC ပြော

...

နယ်စပ်ဒေသ အကူအညီများဆက်လက် ရရှိရန် စည်းရုံးလှုံ့ဆော်မှုများလုပ်ဆောင်မည် ဟု KCC ပြော

Karen Information Center, 06 Sep 2018

URL: https://www.bnionline.net/en/news/kcc-campaign-resumption-aids-border-area
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ အပါအဝင် ပြည်တွင်းစစ်ရှောင် ပြည်သူ (IDPs)များအတွက် ထောက်ပံ့မှု အကူအညီများ ဆက်လက်ရရှိရန် နိုင်ငံတကာသို့ စည်းရုံး လှု့ံဆော်မှုလုပ်ငန်းများလုပ်ဆောင် သွားမည်ဟု ကနေဒါနိုင်ငံ ကရင်လူမှုအသိုင်း အဝိုင်း (KCC)က ပြောဆိုလိုက်သည်။

ကနေဒါနိုင်ငံ၊ Alberita ခရိုင်၊ (Edmonton) မြို့တွင် စက်တင်ဘာ ၁ရက်မှ ၃ရက်နေ့ အထိ ပြုလုပ်ကျင်းပသည့် ကနေဒါနိုင်ငံ ကရင်လူမှုအသိုင်းအဝိုင်း၏ နှစ်ကုန် အ စည်းအဝေးတွင် တက်ရောက်လာသည့် သက်ဆိုင်ရာ မြို့သီးသီးမှ ကိုယ်စားလှယ် များကယင်းသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု KCCဥက္ကဌဖြစ်သူ စလုံ့ဖန်းက ကေအိုင် စီသို့ ယနေ့ပြောသည်။

၎င်းက “အခု ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာဖြစ်စေ၊ ပြည်တွင်း IDPတွေ အတွက် ဖြစ်စေ ထောက်ပံ့မှု အကူအညီ တွေက အရမ်းကို လျှော့နည်းလာတယ်။ အဲဒါကိုသူတို့အတွက် Advocacy (ထောက်ခံအားပေးမှု) လုပ်ငန်းတွေလုပ်မယ်။ ပြီး တော့ International Campaign (နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှု)တွေလုပ်ဆောင် သွားမယ်လို့ကျနော်တို့ဆုံးဖြတ်ခဲ့ကြတယ်” ဟုပြောသည်။

ထို့အပြင် ကနေဒါနိုင်ငံ ကရင်လူမှုအသိုင်းအဝိုင်းအနေဖြင့် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများအတွင်းဖြစ်ပျက်နေ သည့် စစ်ရေးပဋိပက္ခနှင့် တိုင်းရင်းသား လူမျိုးစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေများကို ကနေဒါအစိုးရထံသို့ တင်ပြပြီး မြန်မာအစိုးရအား နိုင်ငံတကာ၏ အရေးယူဆောင်ရွက်နိုင်ရေး ပိုမို ဖိအားပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း စလုံ့ဖန်းက ဖြည့်စွက် ပြောဆိုသည်။

ထိုင်-မြန်မာနယ်စပ်တလျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခု၌ ခိုလှုံနေကြသည့် ဒုက္ခသည်များအား ၂ဝ၁၄ ခုနှစ်မှစတင်ကာ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အကူအညီများနှင့် စခန်းစီမံခန့်ခွဲမှု အကူ အညီများသိသိသာသာလျှော့ချခြင်းခံရသလို မြန်မာပြည်တွင်းစစ်ရှောင်များအား ထောက်ပံ့ပေးနေသည့် နိုင်ငံတကာအကူ အညီများလည်း ၂ဝ၁၇ ခုနှစ်ကတည်းက ဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ၎င်းတို့ကို ကူညီဆောင်ရွက်နေသူများက ပြောဆို သည်။

သုံးရက်ကြာ ပြုလုပ်သည့် ကနေဒါ ကရင်လူမှုအသိုင်းအဝိုင်း၏ နှစ်ကုန်အစည်းအဝေးသို့ သက်ဆိုင်ရာ မြို့အသီးသီးမှ ကိုယ်စား လှယ်ပေါင်း ၅၄ ဦးတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ မြို့အသီးသီးမှ အဖွဲ့ဝင် များကို ပြန်လည်သုံးသပ်ခြင်း၊ ဗဟိုအလုပ်အမှု ဆောင်များ၏ တင်ပြချက်များကို သုံးသပ်ခြင်း၊ ဖြည့်စွက်အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၎င်းအပြင် KCC ဖွဲ့စည်းတည် ထောင်ခြင်း နှစ် ၂ဝပြည့်အ ထိမ်းအမှတ် ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ကျင်းပခဲ့ကြသည်။