၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများ ပူးပေါင်းမည်

...

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများ ပူးပေါင်းမည်

The Irrawaddy, 11 Sep 2018

URL: https://www.irrawaddy.com/news/politics/ethnic-political-parties-merge-to-seek-stronger-representation-in-2020-election.html
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်နှင့် ဒေသဆိုင်ရာ လွှတ်တော်များတွင် ကိုယ်စားလှယ် နေရာ အများစုရရှိရန် မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသများမှ ဒေသခံ နိုင်ငံ ရေးပါတီများ ပူးပေါင်းလာကြသည်။ ထိုရည်မှန်းချက် အောင်မြင်လျှင် တိုင်းရင်းသားများ အနေဖြင့် ၎င်း တို့၏ အခွင့်အရေးများ တိုးတက်စေရန် လုပ်ပိုင်ခွင့် ပိုမို ရရှိ မည်ဖြစ်သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှအပ မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား ၈ မျိုးတို့၏ ဒေသများအနက် လေးမျိုးတို့၏ ဒေသများမှ နိုင်ငံရေးပါတီများသည် ပူးပေါင်းလိုက် ကြပြီ ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များသည် တိုင်းရင်းသားပါတီများအတွက် အဓိက သင်ခန်းစာဖြစ်ခဲ့သည်။ ထိုသင်ခန်းစာမှာ ၎င်းတို့အကြားတွင် ညီညွတ်မှုမရှိခြင်း၊ NLD အပြတ်အသတ် အနိုင်ရခြင်းကြောင့် နိုင်ငံ လုံးဆိုင်ရာ လွှတ်တော် တွင် ကိုယ်စားလှယ် နေရာ ၁၁ ရာခိုင်နှုန်းသာ ရရှိခြင်းတို့ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးပါတီ ၉၁ ခု ရွေးကောက်ပွဲဝင်ခဲ့ပြီး ၎င်းတို့အနက် ၆၄ ရာခိုင်နှုန်း သို့မဟုတ် ၅၉ ပါတီသည် တိုင်းရင်းသားပါတီများ ဖြစ်သည်။ အဓိက တိုင်းရင်းသား အုပ်စုများဖြစ်သော ရှမ်း၊ ကချင်၊ ကယား၊ ချင်း၊ မွန်နှင့် ကရင် အုပ်စုများအနက် တခုစီကို အနည်းဆုံး ပါတီနှစ်ခုစီက ကိုယ်စားပြုခဲ့ကြသည်။မဲကွဲသွားသောကြောင့် တိုင်းရင်းသား ပါတီများ အနိုင်ရသည့် လွှတ်တော် ကိုယ်စားလှယ်နေရာမှာ စစ်အစိုးရ လက်အောက်တွင် ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ၄ ရာခိုင်နှုန်း ကျဆင်း သွားသည်။

တပါတီနှင့်တပါတီ အချင်းချင်း ယှဉ်ပြိုင်နေမည့်အစား တိုင်းရင်း သားပါတီငယ် အများအပြားတို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ပိုမိုရရှိရေးအတွက် ပူးပေါင်းကြရန် ဆုံးဖြတ်လိုက်ကြသည်။ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်သည် တိုင်းရင်းသား ပြည်နယ်များတွင် ကျေနပ်လောက်သော တိုးတက် မှုကို ဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဟု ၎င်းတို့ ယူဆသောကြောင့် နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပင် အနိုင်ယူရန် ရည်မှန်းကြသည်။

ထိုသို့ ပေါင်းစည်းသည့် ဖြစ်စဉ်များသည် NLD အာဏာရပြီးနောက် စတင်ခဲ့သော်လည်း မတူညီသော ပါတီများ၏ အမာခံများတွင် အမျိုးမျိုးသော နိုင်ငံရေး အမြင်များနှင့် ရည်ရွယ်ချက်များ ရှိနေသောကြောင့် အစပိုင်းတွင် ပေါင်းစည်းရေး လုပ်ငန်းမှာ ခက်ခဲခဲ့ကြောင်း တွေ့ရသည်။ သို့သော် တိုင်းရင်းသားပြည်သူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ် စနစ် ထူထောင်ရေးတွင် NLD ၏ အားထုတ်မှုကို မကျေနပ်သောအခါ ဒေသခံ နိုင်ငံရေးပါတီများ ပူးပေါင်းရန် ဖိအား ပိုမိုပေးလာကြသည်။

NLD အာဏာရလာပြီး နှစ်နှစ်ခွဲအတွင်းတွင် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသားဒေသများဖြစ်သည့် ကရင်၊ ကချင်၊ ကယား၊ မွန်နှင့် ချင်းပြည်နယ်များမှ နိုင်ငံရေးပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင် ရွက်မည်ဟု ကြေညာခဲ့ကြသည်။