၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု အစိုးရပြော

...

၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု အစိုးရပြော

Myanmar Times, 20 Sep 2018

URL: https://www.mmtimes.com/news/state-counsellors-office-stresses-need-amend-2008-constitution.html
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တဆင့်ပြီး တဆင့် ပြင်နိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရ ကိုယ်စား နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင်ပြောသည်။

ပြည်ထောင်စုလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့တွင် နိုင်ငံတော အစိုးရ၏ နိုင်ငံရေး၊ စိးပွားရေး၊ လူမှုရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု ဆိုင်ရာ အစီရင်ခံ စာ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်သို့ လာ ရောက်တင်ပြစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးကျော်တင့်ဆွေ က “နိုင်ငံတော် အစိုးရအနေနဲ့မျှော်မှန်းထားသည့် ဒီမိုကရေစီ စံနှုန်းများကို ရောက်အောင် သွားဖို့ ၊ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် အတွက် အချိန်အပိုင်းအ ခြားနှင့် အဆင့် အလိုက် ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ဘုံရည်မှန်းချက် ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကတော့ ပျောက်ပျက်သွားလို့ မရပါဘူး” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံ ၊ ဒုတိယ အစည်းအဝေးတွင် ခွဲမထွက်ရေး ဆိုသည့် အချက်နှင့် တိုက်ရိုက် ဆက်စပ် နေသည့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်နယ်များ၏ ကိုယ်ပိုင် အခြေခံ ဥပဒေ ရေးဆွဲရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောတူ ထားပြီးမှ ချန်လှပ်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ခွဲမထွက်ရေးက အရေးကြီးသလို၊ ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာ အောင်အားလုံး လက်တွဲ ပူးပေါင်းရန် အရေးတကြီး လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက “ကျနော်တို့ ဦးကျော်တင့်ဆွေမိန့်ခွန်းကို အများကြီးမျှော်လင့်ပါတယ်။ ကျနော်တို့ မျှော်လင့်သလို ဖြစ်မ လာဘူး” ဟု မီဒီယာ များကိုပြောသည်။

ခွဲထွက်ခွင့်ကို သေးငယ်သည့် တိုင်းရင်းသား ပါတီများကအစ တောင်းခံနေမှုများရှိနေကြောင်း ထိုသို့ ခွဲထွက်မည်ဆိုသည့် အဓိပ္ပာယ်မှာ သမ္မတနိုင်ငံ ထူထောင်မည်ဟု သဘော သက်ရောက်ကြောင်း၊ လက် ရှိနိုင်ငံ အတွင်းမှာ စီးပွားရေး အခြေအနေမှာ အလွန်ဆိုးဝါးနေသည့် အတွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်မည်ဟူသည့် ပေါ်လစီ အပြောင်းအလဲများ ပါဝင်ခြင်း မရှိသည့် အတွက် အား ရ ကျေနပ်မရှိကြောင်း ဦးဦးလှစောက ပြောသည်။

နိုင်ငံရေး သဘောတူညီချက်များ ထွက်ပေါ်လာရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး ၃ ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း။ အစည်းအဝေး သဘောတူညီချက်များ အရ နိုင်ငံရေး သဘော တူညီချက်ပေါင်း ၅၁ ချက် ရရှိခဲ့ကြောင်း ၊ တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု အကောင်အထည် ဖော်ဆောင်သွားမည်ကို နိုင်ငံတော် အစိုးရ အနေဖြင့် အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်သည်ဟု ဦးကျော်တင့်ဆွေက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( USDP) မှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က “ကျနော်တို့လက်ခံတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ရေးဆွဲတဲ့ အချိန်မှာ လိုအပ်ချက်အရ ရေးဆွဲခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ အညီ လိုအပ်ရင် လိုအပ်သလို တချို့ ဥပဒေတွေကို အစားထိုး ပြင်ဆွဲတာ ပြုပြင်ပြောင်းလဲတာ၊ ဖျက်သိမ်းတာတွေ လုပ်ဖို့ လိုအပ်တယ်။ ဒါကြောင့်အခြေခံ ဥပဒေကို သူ့ရဲ့ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလို ပြောင်းလဲ ဖို့ဆိုတာ မူအားဖြင့် လက်ခံပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

နိုင်ငံတော် အစိုးရက လက်ရှိ ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိကရည်မှန်းချက် ပန်းတိုင်မှာ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် နိုင်ငံရေး သဘော တူညီမှု ရရှိရန် နှင့် ပြည်ထောင်စု သဘောတူ စာချုပ် ခိုင်ခိုင်မာမာ ချုပ်ဆိုပြီး ဆက်လက် အကောင် အထည်ဖော်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တဆင့် ဘုံသဘောတူ လက်ခံသည့် အခြေခံမူများ ထွက် ပေါ်လာရန် ဆောင်ရွက်နေကြောင်း ဦးကျော်တင့်ဆွေက ပြောသည်။

တပ်မတော် အစိုးရလက်ထက်က ရေးစွဲ ပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်ခေါင်းဆောင်များက ၎င်းတို့ အကျိုးအတွက် စိတ်ကြိုက် ရေးစွဲပြဌာန်းထားခြင်းဖြစ်ပြီး ဒီမိုကရေစီ ခရီးလမ်းအတွက် အဓိက အဟန့်အတားဖြစ်ကြောင်း လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက ဝေဖန် ခဲ့ကြသည်။

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေး မည်ဟု ဆိုကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြွေးကြော်၍ လူထု ထောက်ခံမှုဖြင့် အ နိုင်ရထားသည့် နိုင်ငံရေးပါတီတခု ဖြစ်သော်လည်း ပြင်ဆင်နိုင်ရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက်မှု မတွေ့ရသေးပေ။