အစိုးရထံ ပြည်သူများ၏ တိုင်ကြားစာများထဲတွင် မြေယာပြဿနာ အများဆုံးဖြစ်နေ

...

အစိုးရထံ ပြည်သူများ၏ တိုင်ကြားစာများထဲတွင် မြေယာပြဿနာ အများဆုံးဖြစ်နေ

Karen Information Center, 15 Oct 2018

URL: https://www.bnionline.net/en/news/ninety-nine-percent-complaints-karen-state-govt-are-land-issues
ကရင်ပြည်နယ်၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီသို့ ယခုနှစ် ပြည်သူများမှ တိုင်ကြားသည့် ကိစ္စများထဲတွင် မြေယာကိစ္စ မှာ အများဆုံးဖြစ်ပြီး ၉၉ ရာခိုင်နှုန်းရှိသည်ဟု စိစစ်ရေး ကော်မတီဥက္ကဌဖြစ်သူ ဦးစောလှမြင့်က ကေအိုင်စီသို့ ပြောသည်။

̏ လယ်မြေကတော့ ၉၉ ရာခိုင်နှုန်းလောက်ရှိတယ်။ တလကို မရှိဘူးဆိုရင် အနည်းဆုံး ၅ မှု ၁၀ မှု ကြားလောက် ဝင်လာ တယ်။ တိုင်စာတွေဟာ။ ကျန်တာတွေကတော့ တစ်ခု၊ နှစ်ခု လောက်ပဲရှိမယ်” ဟု စိစစ် ရေး ကော်မတီဥက္ကဌ စောလှမြင့်က အောက်တိုဘာ ၁၂ ရက်နေ့တွင် ကေအိုင်စီသို့ သီးသန့် ပြော ဆိုသည်။

မြေယာကိစ္စများတွင် တပ်နှင့် ဖြစ်ပွားသည့်ကိစ္စများ၊ အစိုးရ ဌာနဆိုင်ရာနှင့် ဖြစ်ပွားသည့်ကိစ္စများ၊ တိုင်းရင်းသားလက် နက်ကိုင်များနှင့် ဖြစ်ပွားသည့်ကိစ္စများ၊ ကုမ္ပဏီများနှင့် ဖြစ်ပွား သည့်ကိစ္စများတို့ ပါဝင် ကြောင်း သိရသည်။

အဆိုပါ ကော်မတီသည် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များလုပ်ဆောင်ပေးရသည့်အပြင် လူထုများ၏ တိုင်ကြားလာသည့် စာအပေါ်မူတည်၍ ခေါ်ကြားနာစစ်ဆေးခြင်း၊ ပြန်လည်သုံး သပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ တွေ့ရှိအကြံပြု သုံးသပ်ချက်များကို အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်ရကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တိုင်ကြားစာ စုစုပေါင်း ၉၉ စောင်ရှိခဲ့ပြီး ထိုအထဲတွင် ဆောင်ရွက် ပြီးစီးမှု ၄ စောင်၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းသို့ လွှဲပြောင်းပေးပို့သည့်တိုင်ကြားစာ ၈ စောင် နှင့် ဆောင်ရွက်ဆဲ (၈၇) စောင်ရှိကြောင်း တိုင်ကြား စာကော်မတီထံမှ သိရသည်။

ပြည်သူလူထုများ၏ ခံစားချက်၊ ထိခိုက်နစ်နာချက်များကို ဖြေရှင်းဆောင်ရွက်ပေးလိုသည့် ရည်ရွယ်ချက်များဖြင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာ ဆိုင်ရာ စိစစ်ရေး ကော်မတီကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။