သမ္မတ ညွန်ကြားချက်ဖြင့် ရခိုင်နှင့် ဧရာဝတီ ကမ်းခြေပတ်လမ်း စီမံကိန်းစတင်

...

သမ္မတ ညွန်ကြားချက်ဖြင့် ရခိုင်နှင့် ဧရာဝတီ ကမ်းခြေပတ်လမ်း စီမံကိန်းစတင်

The Irrawaddy, 28 Nov 2018

URL: https://www.irrawaddy.com/news/burma/187m-road-planned-myanmars-west-coast-security-development.html
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်ဖြင့် ရခိုင် ပြည်နယ်၊ သံတွဲမြို့မှ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရင်ဂျီကျွန်းအထိ မိုင် ၁၇၀ အရှည်ရှိမည့် ကမ်းခြေပတ်လမ်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကမ်းခြေပတ်လမ်း စီမံကိန်းကို ကျပ် ၃၀၀ ဘီလျံခန့် အကုန်အကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း အပြီးသတ်အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။

၎င်းကမ်းခြေပတ်လမ်းနှင့် ဆက်စပ်ဒေသများတွင် နေထိုင် သည့် ဒေသခံများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကမ်းခြေဒေသ တလျှောက် လုံခြုံမှု ရှိစေရန်အတွက် သမ္မတက ရည်ရွယ်ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းစီမံကိန်းကို ပြည်ထောင်စု အစိုးရ၊ ဧရာဝတီတိုင်းအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရ တို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဋ္ဌေးဝင်း က “ဒီလမ်းက စီးပွားရေးအရတင် မဟုတ်ပါဘူး။ ကမ်းခြေလုံခြုံရေး၊ ဒေသလုံခြုံရေး အတွက်လည်း အရေးကြီးပါတယ်။ ဒီလမ်းပြီးသွား ခဲ့ရင် ငရုတ်ကောင်း ဂေါ်ရင်ဂျီ ကမ်းခြေကနေ ရခိုင်ပြည်နယ် သံတွဲမြို့နယ်အထိ သွားလာနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို အကောင်အထည်ဖော်ဖို့ နိုင်ငံတော်သမ္မတက ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အခု စတင် အကောင်အထည် ဖော်နေပါပြီ” ဟု ဧရာဝတီကို ပြောသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း ကမ်းရိုးတန်းဧရိယာတွင် မော်တင်စွန်း၊ ဂေါ်ရင်ဂျီ၊ ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေ ၅ ခုရှိပြီး ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ဂွမြို့နယ် မှ ကမ်းသာယာနှင့် သံတွဲမြို့နယ်မှ နာမည်ကျော် ငပလီကမ်းခြေတို့ တည်ရှိသည်။

သို့သော် ကမ်းရိုးတန်းတလျှောက်တွင် ကမ်းခြေပတ်လမ်းမရှိသည့်အတွက် ကမ်းခြေမှတဆင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ဆက်သွယ်သွားလာနိုင်မှု မရှိသလို ကမ်းခြေတခုနှင့်တခု ချိတ်ဆက်လည်ပတ် နိုင်မှု မရှိသေးသည့် အနေအထား ဖြစ်နေသည်။ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်သည့် ပုသိမ်တံတား အမှတ် ၂ စီမံကိန်းဖွင့်ပွဲ တက်ရောက်ခဲ့သည့် သမ္မတ ဦးဝင်းမြင့်က ယင်းကမ်းခြေပတ် လမ်းမှာ ခရီးသွားကဏ္ဍအတွက် အရေးပါသလို နိုင်ငံ့လုံခြုံရေးအတွက် အရေးပါသည့် အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရန် ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် အပါအဝင် ဧရာဝတီတိုင်းအစိုးရအဖွဲ့အား လမ်းညွှန် မှာကြားထားခြင်း ဖြစ်သည်။

အဆိုပါ ကမ်းခြေပတ်လမ်း စီမံကိန်း အစိတ်အပိုင်းတရပ်အဖြစ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့တွင် တည်ဆောက်ခဲ့သည့် ရွှေသောင်ယံ တံတားကို အောက်တိုဘာလ ၂၈ ရက်က သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ပေးသည့် ကျောက်ချွန်တံတားကိုလည်း နိုဝင်ဘာလ ၂၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ကမ်းခြေပတ်လမ်းအဖြစ် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် ချိတ်ဆက်မိရန်အတွက် ဧရာဝတီတိုင်းဘက်ခြမ်း၌ တံတား ၂ စင်း ဆောက်လုပ်ရန် ကျန်ရှိနေသေးပြီး အဆိုပါတံတားများကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင် ၁၇၀ ခန့် ရှည်လျားသည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက်များအတွက်ထောက်ပံ့ရေး စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ ဆက်လက် အကောင် အထည်ဖော်သွားရန် စီမံချက်တရပ် ရေးဆွဲထားကြောင်းလည်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။