အခွန်ကောက်ခံမှုလုပ်ထုံးလုပ်နည်းများ တိုးတက်ကောင်းမွန်လာသော်လည်း ဆက်လက်တိုးတက်ရန် လိုအပ်နေ

...

အခွန်ကောက်ခံမှုလုပ်ထုံးလုပ်နည်းများ တိုးတက်ကောင်းမွန်လာသော်လည်း ဆက်လက်တိုးတက်ရန် လိုအပ်နေ

Myanmar Times, 07 Dec 2018

URL: https://www.mmtimes.com/news/tax-collection-procedures-improving-more-progress-needed.html
မြန်မာနိုင်ငံ၏ အခွန်နှင့် GDP အချိုးသည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိခြင်းကြောင့် အစိုးရအဆက် ဆက်သည် အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးကို အလေးပေးဆောင်ရွက် နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ဒီမိုကနေစီစနစ်အကူးအပြောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်မှစ၍ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။ အခွန်ကောက်ခံမှုနှင့် GDP အချိုးမြင့်တက်စေရန် နှင့် ခေတ်မီအခွန်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် သို့ ပြောင်းလဲရန် အဓိကရည်ရွယ်ခဲ့ခြင်းဖြစ် သည်။

အခွန်မူဝါဒပထမအဆင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ၂ဝ၁၂ မှ ၂ဝ၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ဆိုင်ရာ မူဝါဒနှင့် အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

အခွန်ဆိုင်ရာ မူဝါဒတွင် အခွန်ရုံးက အခွန်စည်းကြပ်သည့် စနစ် (OAS) ကို အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ် (SAS) သို့ ပြောင်းလဲကျင့်သုံးရန် အချက်ကို အဓိက ဆောင်ရွက်ခဲ့သည်။

အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် စာရွက်စာတမ်း အခြေခံစီမံခန့်ခွဲမှုစနစ်များကို ဒစ်ဂျစ်တယ် နည်းပညာအ ခြေခံစနစ် စီမံခန့်ခွဲမှုများအဖြစ် အသွင်ကူးပြောင်းခြင်းတို့ ပါဝင်သည်။

IMF နှင့် World Bank တို့က အကြံပေးခဲ့သည့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအနက် အခွန်မူဝါဒ ပထမ ခြေလှမ်းအဖြစ် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS) ပြောင်းလဲဆောင် ရွက်ရန် အချက်သည် အဓိကပါဝင်ခဲ့ပြီး ၄င်းတို့အနေဖြင့် အခွန်စည်းကြပ်သည့် စနစ်ပုံစံ အားလုံးကို OAS စနစ်မှ SAS စနစ်သို့ ချက်ချင်းပြောင်းလဲခြင်း မပြုဘဲ အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံး၊ အလယ် အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး၊ အခွန်ထမ်းငယ်များဆိုင်ရာအခွန်ရုံး စသည့်ဖြင့် အဆင့်ဆင့် သတ်မှတ်ပြီး SAS စနစ်ပြောင်းလဲရန် အကြုံပြုခဲ့သည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမင်းထွဋ်က ပြောသည်။

'' OAS ကနေ SAS စနစ်ပြောင်းပြီးနောက်မှာ အခွန်ထမ်းတွေ လိုက်နာဆောင်ရွက်မှုသိပ်ကောင်းနေတာကို တွေ့ရပါတယ်။ SAS စနစ်မှာ စိန်ခေါ်မှုအနေနဲ့ စိတ်နေစိတ်ထားတွေ နည်းနည်းပြောင်းဖို့ လိုပါ တယ်။ ဌာနအနေနဲ့လည်း လူ့စွမ်းအားအရင်းအမြစ် အကန့်အသတ်က ရှိနေတော့ ချက်ချင်းကြီးပြောင်းဖို့က မလွယ်ပါဘူး။ ကျွန်တော်တို့က အလွန်အားနည်းတဲ့ နေရာကနေ စရတာဖြစ်တဲ့အတွက် ချက်ချင်း ကြီး မလွယ်ပါဘူး'' ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

လက်ရှိတွင် အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (SAS) ပြောင်းလဲကျင့်သုံးသော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ ရုံးတို့တွင် အခွန်ထမ်း ၃,ဝဝဝ ကျော် ရှိနေပြီဖြစ်သည်။

၂ဝ၂၂ တွင် ကိုယ်တိုင်စည်းကြပ်သည့် အခွန်ထမ်းများထံမှ ကောက်ခံရရှိမှုသည် စုစုပေါင်း အခွန်ကောက်ခံရရှိမှု၏ ၈ဝ မှ ၉ဝ ရာခိုင်နှုန်းအထိဖြစ်လာရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ မျှော်မှန်းထားသည်။