ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလှေကားထစ်အတွက် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ကျင်းပ

...

ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလှေကားထစ်အတွက် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ကျင်းပ

Myanmar Business Today, 15 Jan 2019

URL: https://www.mmbiztoday.com/articles/myanmar-hold-first-ever-ethnics-culture-festival-yangon
မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးစုတွေရဲ့ရိုးရာယဉ်ကျေးမှုနဲ့နေထိုင်စားသောက်မှုတွေ၊ ဖျော်ဖြေတင်ဆက်မှုတွေပါဝင်တဲ့ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ Myanmar Ethnics Culture Fest ကို ရန်ကုန်မြို့၊ ကျိုက္ကဆံ ကွင်းတွင် ဇန်နဝါရီလ၂၅ရက် နေ့ကစပြီး ၅ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

“ဒီပွဲဟာတိုင်းရင်းသားတွေအချင်းချင်း ယုံကြည်မှုတွေ၊ ရင်းနှီး မှုတွေရနိုင်ဖို့အတွက် ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေနဲ့ တွေ့ခွင့် ရတယ်။ မွန်တိုင်းရင်းသား တွေနဲ့ တွေ့ခွင့်ရတယ်။ ချင်းတိုင်း ရင်းသားတွေနဲ့ တွေ့ခွင့်ရတယ်။ စကားတွေဖလှယ်ကြတယ်။ သူ့ယဉ်ကျေးမှု ကိုယ်လေ့လာတယ်။ ကိုယ့်ယဉ်ကျေးမှု သူတို့လေ့လာကြတယ်။ ဒီတိုင်းအားဖြင့် ရင်းနှီးချစ်ခင် မှုတွေ ပိုတိုးလာတယ်”လို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က ပြောပါတယ်။ အဆိုပါပွဲကို မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင် များအသင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး လာရောက်သူများအနေနဲ့ တစ်နေရာ တည်းတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ဓလေ့စရိုက်များကို လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲတော်အတွင်း၌ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ရိုးရာအစားအစာတွေ၊ လက်မှုပစ္စည်းတွေ၊ ရိုးရာအထည်ရောင်းချတဲ့ စျေးဆိုင်တွေ ကိုလည်း တွေ့နိုင်မှာဖြစ်သလို ကချင်၊ ကယား၊ကရင်၊ချင်းစတဲ့တိုင်းရင်းသား ၈မျိုးအပြင် အထူးဒေသက တိုင်းရင်းသား တွေရဲ့ယဉ် ကျေးမှုပြခန်းတွေကိုလည်း ပြသထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသား အကပဒေသာပွဲ၊ တိုင်းရင်းသားမယ်ပြိုင်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

“ဒီနေ့ကတော့ တိုင်းရင်းသားအားလုံးနဲ့တွေ့ဆုံရလို့ ကျွန်မအရမ်းပဲ ပျော်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် တိုင်းရင်းသားအားလုံး လာပြီးမှ ပါဝင်ကြပါလို့ ကျွန်မဖိတ်ခေါ်ချင်ပါတယ်” လို့ ကချင်တိုင်းရင်းသူ ဒေါ်ခေါ ညိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲကို မနက်၁၁နာရီကနေ ည၁ဝနာရီအထိ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။