Nippon Foundation မှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်

...

Nippon Foundation မှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်

Mon News Agency, 23 Apr 2019

URL: HTTP://MONNEWS.ORG/2019/04/26/NMSP-RECEIVES-MACHINERY-FROM-THE-NIPPON-FOUNDATION-FOR-DEVELOPMENT-PROJECTS/
ဂျပန်နိုင်ငံ Nippon Foundation မှ မွန်ပြည်သစ်ပါတီ (NMSP) သို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ယန္တရားများပေးအပ်ပွဲအခမ်းအနားကို ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ ကိုရင်လေးကျောင်း၌ ယနေ့နံနက် ပိုင်းတွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေး ဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်း ချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ ဂျပန်သံ အမတ် ကြီး မာစတာ အီချီယိုမာယိုဟာမာ၊ နိပွန်ဖောင်ဒေးရှင်းမှ ဆက်ဆံ ရေးအရာရှိ မာစတာ ယူဂျီမိုရီ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထော မွန်၊ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပြီး တန်ဖိုးငွေကျပ် သိန်းငါးထောင်ခန့် တန်ဖိုးရှိ သည့် စက်ယန္တရားများအား ဖဲကြိုးဖြတ်လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်နယ်အစိုးရတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Nippon Foundation မှ အကူအညီပေးလုပ်ငန်းစဉ် (၅) ခုဖြစ်သည့် ကျန်းမာရေးအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ပညာရေးတွင် မွန်အမျိုးသား ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ ကျေးရွာ (၇) ရွာတွင် ဆိုလာလျှပ်စစ်မီးတပ်ဆင်ပေးခြင်း စသည့်လုပ်ငန်းစဉ်များအနက် ပထမဆုံးအနေဖြင့် ယာဉ်ယန္တရားပေးအပ်ခြင်းအစီအစဉ်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌက ပြောသည်။

၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး Bilateral လက်မှတ်ကို မွန်ပြည် သစ်ပါတီ လက်မှတ်ရေးထိုးပြီးနောက် နိပွန်ဖောင်ဒေးရှင်းအနေဖြင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်မိသားစုများနှင့် စစ်ဘေးဒဏ်ခံစား ခဲ့ရသော ဒေသခံပြည်သူများကို (၃) နှစ်တိတိကြာ ဆန်အိတ်ပေါင်းများပံ့ပိုးပေးခဲ့ခြင်းနှင့် အခြားလူမှုရေးအကူအညီများကိုလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။