ဟံသာဝတီလေဆိပ်ကို ဂျပန်အကူအညီဖြင့် ဆက်ဆောက်မည်

...

ဟံသာဝတီလေဆိပ်ကို ဂျပန်အကူအညီဖြင့် ဆက်ဆောက်မည်

Myanmar Times, 15 May 2019

URL: https://www.mmtimes.com/news/govt-still-keen-build-international-airport-bago.html
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည် ဆောက်ရေးဂျပန်နိုင်ငံ၏အကူအညီဖြင့် ဆက် လက်ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအမြဲတမ်းအ တွင်းဝန် ဦးဝင်းခန့်က ပြောသည်။

''ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်က လည်း မရှိမဖြစ်လိုအပ်တဲ့ လေယာဉ်ကွင်း ဖြစ်တဲ့ အတွက် ဂျပန်နိုင်ငံအကူအညီနဲ့ ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းပြီးတော့ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်''ဟု ၎င်းက ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မေ ၁၃ ရက်က ကျင်းပသော အစိုးရ၏ တတိယနှစ် အတွင်း ဆောင် ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။ အဆို ပါဝန်ကြီးဌာန သည် ဟံသာဝတီလေဆိပ်ကို ဂျပန်ချေးငွေဖြင့် ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး ဂျပန်နိုင် ငံ မြေယာအခြေခံ အဆောက်အအုံ၊ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေခြင်း ဖြစ်ကြောင်း လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးအောင်ရဲထွန်းက ပြောသည်။

'လောလောဆယ်တော့ ဂျပန်နိုင်ငံရဲ့ ချေးငွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်မှာပေါ့။ အဲဒီတော့ feasible study လုပ်မယ်။ အဖြေရပြီဆိုရင် ကျွန်တော်တို့ ပြောပါမယ်''ဟု ဦးအောင်ရဲထွန်းက ပြောသည်။ လက်ရှိတွင် ပထမဆုံး PPP ဆောင်ရွက်မှုအဖြစ် ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်းလေဆိပ်များကို အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူထားပြီး စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းသည့်အဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်က ပြောသည်။ ထို့ပြင် မူဆယ်လေဆိပ် ဖွံ့ဖြိုးရေးစီမံကိန်း အတွက်လည်း တင်ဒါခေါ်ယူ ထားရာ ကုမ္ပဏီခြောက်ခုကို ပဏာမ ရွေးချယ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ အဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်သုံးခု ရှိနေပြီး ခရီးသည်ဝင် ရောက်မှုသည်လည်း တိုးတက်လျက်ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ်က ခရီး သည် ၉ ဒသမ၂၆ သန်းသာ ဝင်ရောက်ခဲ့သော်လည်း ၂ဝ၁၈ ခုနှစ်တွင်မူ ဆယ်သန်းနီးပါး ဝင်ရောက်လာကြောင်း အမြဲတမ်း အတွင်းဝန်က ပြောသည်။