ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိမ်းစောင်းနေပြီဟု KNU ဆို

...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိမ်းစောင်းနေပြီဟု KNU ဆို

The Irrawaddy, 16 May 2019

URL: https://www.irrawaddy.com/opinion/analysis/peace-process-foundering-knu-chief-tells-eaos.html
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်း တိမ်းစောင်း နေပြီဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။ KNU သည် NCA ထိုးထားသည့်အဖွဲ့ တဖွဲ့ဖြစ်ပြီး NCA ပါ လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့် အနာဂတ် ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ညှိနှိုင်းမှုများတွင် ဦးဆောင်ပါဝင်နေသောအဖွဲ့အစည်း ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အပစ်ရပ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) ၏ ၅ ရက်ကြာ ကျင်းပသည့် ထိပ်သီးညီလာခံ တွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အထက်ပါ အတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ EAO အဖွဲ့အချို့ကလည်း ထိုသို့ တသဘော တည်း မြင်ကြောင်း ဆိုသည်။ အဆိုပါ အစည်းအ ဝေးသည် အစိုးရက အခြား EAOs များ အထူးသဖြင့် အရှေ့မြောက်ပိုင်း အခြေ စိုက် အဖွဲ့များကို NCA တွင် ပါဝင်လက်မှတ်ထိုးရေး ကြိုးစားစည်းရုံးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မေလ ၁၄ ရက်မှ ၁၈ ရက်အထိ NCA လက်မှတ်ထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့၏ ၄ကြိမ်မြောက် ထိပ်သီးညီလာခံသို့ ကိုယ်စားလှယ် တရာနီးပါးခန့် တက်ရောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်း များ ကျော်လွှားနိုင်ရေး နည်းလမ်းရှာဖွေနိုင်ရန် စုစည်းဆွေးနွေးခဲ့ကြသည်။

NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO)တို့မှ ကိုယ်စားလှယ်များလည်း အဆိုပါ ထိပ်သီးညီလာခံသို့ လေ့လာသူများအနေဖြင့် တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ဖွဲ့စည်းပုံကိုလည်း ပြန်လည်သုံးသပ်သည်။ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဥက္ကဋ္ဌ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် PPST အဖွဲ့ကို ၂၀၁၆ ခုနှစ်၊ မတ်လက နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန် ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် မတ်လတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက PPST ဦးဆောင်မှုမှ အနားယူခဲ့ပြီး အဆိုပါအဖွဲ့ကို ယခုအခါ ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီဦးဆောင်နေသည်။

၎င်းက NLD လက်ထက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ်ခေါ်ယူခဲ့ပြီး ဖြစ်လင့်ကစား ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ နှေးကွေးနေရခြင်းသည် ဘက်ပေါင်းစုံမှ စေ့စပ်ညှိနှိုင်းသူများ အနေဖြင့် ၎င်းတို့မူဝါဒများကိုသာ အသေဆုပ်ကိုင် ထားပြီး အပြန်အလှန်လိုက်လျောရန် ဆန္ဒမရှိသည့်အတွက် ဖြစ်သည်ဟု ဆိုသည်။