ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၃၀၀ ကျော် မီးလင်းရန် ဆောင်ရွက်ပေးမည်

...

ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၃၀၀ ကျော် မီးလင်းရန် ဆောင်ရွက်ပေးမည်

The Irrawaddy, 22 May 2019

URL: https://www.irrawaddy.com/news/burma/1300-villages-receive-solar-generated-electricity-fy2019-20.html
၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း ဆိုလာစနစ်အသုံးပြု အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် တိုင်းဒေသကြီး ၅ ခု အတွင်းရှိ ကျေးရွာပေါင်း ၁၃၀၀ ကျော်ကို အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Project – NEP) အရ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်သွားပေးမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဟု သိရသည်။

ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရန်အတွက် ကုန်ကျစရိတ်ကို ဆိုလာတပ်ဆင်မည့် ကျေးရွာနေသူများက ၂၀ ရာခိုင်နှုန်း၊ အကောင် အထည်ဖော်မည့် ပုဂ္ဂလိက ကုမ္ပဏီက ၂၀ ရာခိုင် နှုန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဦးစီးဌာနက ၆၀ ရာ ခိုင်နှုန်း အကုန်အကျခံ၍ လုပ်ဆောင်ပေးနေခြင်းဟု သိရ သည်။

အဆိုပါ ကျေးရွာပေါင်း ၁၃၀၀ ကျော်မှာ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးအတွင်းမှ ကျေးရွာများဖြစ်ပြီး မဟာဓာတ် အားလိုင်းမှ ၁၀ မိုင် ကျော် ကွာဝေးကာ လာမည့် ၁၀နှစ် အထိ လျှပ်စစ်မီး မရနိုင်သေးသည့် ကျေးရွာများအား ဦးစားပေး၍ ဆိုလာစနစ်ဖြင့် မီးလင်းရေးကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

NEP ကို ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ရေးဆွဲခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့် နှစ်တွင် နိုင်ငံ တဝှမ်းလုံး လျှပ်စစ်မီးရရှိရန် ရည်ရွယ်၍ လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ NEP စီမံကိန်းကို ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ဖြင့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကနဦး စီမံကိန်းကာလအတွင်း ကျေးရွာပေါင်း ၈၀၀၀ ကျော်နှင့် အိမ်ခြေပေါင်း ၇ သိန်းနီးပါး မီးရရှိရေး ဆောင်ရွက်သွားမည်ဟု သိရသည်။

NEP စီမံကိန်းအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းခြင်း (Grid extension) ကို တာဝန်ယူ ဆောင်ရွက်နေသလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓာတ်အားလိုင်း (National Grid) မရောက်ရှိနိုင်သေးသော ဒေသများအတွက် မဟာဓာတ်အားလိုင်း ပြင်ပမီးလင်းရေး (Ps-Grid Electrification) ကို တာဝန်ယူ ဆောင်ရွက်နေခြင်းဟု သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (Grid extension) ကဏ္ဍအတွက် အမေရိကန် ဒေါ်လာ သန်း ၃၁၀ အသုံးပြုသွားမည်ဖြစ်သလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မဟာဓာတ်လိုင်း ပြင်ပ မီးလင်းရေး အတွက် အမေရိကန် ဒေါ်လာ သန်း သန်း ၉၀ အသုံးပြု၍ ဆောင်ရွက်နေခြင်းဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အားသုံးစွဲမှု များပြားလာလျက်ရှိရာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲ လာကြောင်း သိရသည်။

ထို့အပြင် NEP စီမံကိန်း ပထမအဆင့်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ မဟာဓာတ်အားလိုင်းမှ ၂ မိုင် အတွင်းရှိ ကျေးရွာ ၅၁၈၀ ရွာ လျှပ်စစ်ဓာတ်အာရရှိရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ပြီးစီးမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ပထမအဆင့်ပြီးစီးပါက ကျေးရွာ ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ အတွက် ဓာတ်အားစနစ်မှ ဓာတ်အား ရရှိနိုင်မည်ဖြစ်ကာ ဒုတိယအဆင့် အနေဖြင့် မဟာဓာတ်အားလိုင်းမှ ၅ မိုင်အတွင်း ကျေးရွာများဓာတ်အား ရရှိရေးကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။