NCA စာချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု NSCN-K ပြော

...

NCA စာချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု NSCN-K ပြော

Mizzima, 04 Jun 2019

URL: https://www.bnionline.net/en/news/nscn-k-will-not-sign-nca-official
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း မြန်မာ-အိန္ဒိယ နယ်စပ်တွင် အခြေစိုက်ထားသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) အဖွဲ့ က ဧရာဝတီသို့ ပြောသည်။

NSCN-K မှ လူထုဆက်ဆံရေး အရာရှိ ဂျိုးဇက်လမ်ကန် က “လက်ရှိ NCA ဟာ ၁၉၄၇ ခုနှစ် မူလပင်လုံ စာချုပ် ကို ခေတ်ပေါ် ပုံစံပြောင်းလဲ ထားခြင်းဖြစ်ပြီး ယခင် ပင်လုံစာချုပ် အဟောင်း မှာလည်း နာဂတို့ လက်မှတ်ထိုး ခြင်း မရှိခဲ့ဘူး” ဟု ဆိုသည်။

NSCN-K နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကြား ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်ရပ်စဲရေး စာချုပ်(Bilateral)ကို လက်မှတ်ထိုးထားခြင်းကြောင့် အစိုး ရ-တပ်မတော်ဘက်က ပြည်ထောင်စုအဆင့်နှင့် တနိုင်ငံ လုံး အပစ်ရပ်စဲရေးစာချုပ် (NCA) ကို တခြားသောတိုင်းရင်းသား လက်နက်ကိုင်များနည်းတူ ထိုးရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်။

တချို့သော NSCN-K မှ ထိပ်သီး ခေါင်းဆောင်ကမူ NCA လက်မှတ်ထိုးရန် စဉ်းစားမှုများ ရှိနေကြောင်းလည်း NSCN-K နှင့် နီးစပ် သော သတင်းရင်းမြစ်များထံမှ ကြားသိရသည်။

လက်ရှိတွင် တပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာရှိ NSCN-K ၏ဗဟိုဌာနချုပ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က အိန္ဒိယအား ဆန့်ကျင်နေ သော အာသံနှင့် ကသည်း သူပုန်များကို NSCN-K က ခိုလှုံခွင့်ပြုထားခြင်းကြောင့် နယ်မြေရှင်းလင်းရေး လုပ် ကာ ထိန်းချုပ်ထားသည်။

ထို့နောက် အာသံနှင့် ကသည်း သူပုန် ၂၄ ဦးကို အပါအဝင် NSCN-K မှ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး ၍ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်မှာ အာသံနှင့် ကသည်းသူပုန် ၂၄ ဦးအား ခန္တီးခရိုင်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီး NSCN-K က ခေါင်းဆောင် ၅ ဦးမှာ အမှုဆက်လက် ရင်ဆိုင်နေ ဆဲဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး NSCN-K နှင့် တပ်မတော်ကြား Bilateral စာချုပ်ပါ သဘောတူညီချက်များကို ချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲနေကြသည်။

တပ်မတော်ဘက်က NSCN-K အနေဖြင့် NCA လမ်းကြောင်းကို လျှောက်လှမ်းရန် အပါအဝင် Bilateral စာချုပ်ပါ သဘောတူ ညီချက်များကို လေးစားလိုက်နာရန်နှင့် အာသံနှင့် ကသည်း သူပုန်များအား လက်မ ခံရန် စသည့် အချက် ၃ ချက်ကို လိုက်နာပါက ယခု ပြဿနာအား ဖြေရှင်းနိုင်ကြောင်း ဆိုသည်။

NSCN-K မှ လူထုဆက်ဆံရေးအရာရှိ ဂျိုးဇက်လမ်ကန်ကတော့ နာဂအရေးသည် တခြားသော တိုင်းရင်းသား များအရေးနှင့် မတူကွဲပြားနေသည်ကို မြန်မာအစိုးရ ကောင်းစွာသိရှိကြောင်း၊ နာဂကို NCA လက် မှတ်ထိုးရန် တွန်းအားပေးခြင်းထက် တခြားသော နည်းလမ်းအား ဆောင်ရွက်သင့်ကြောင်းဆိုသည်။