ကရင်နှစ်သစ်ကူးနေ့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ ငွေကျပ် သိန်း ၁၅၀ ထောက်ပံ့မည်

...

ကရင်နှစ်သစ်ကူးနေ့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ ငွေကျပ် သိန်း ၁၅၀ ထောက်ပံ့မည်

Mon News Agency, 08 Dec 2016

URL: http://monnews.org/2016/12/08/mon-state-govt-funds-15-million-kyat-for-karen-new-year/
လာမည့် ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀
ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ကရင်နှစ်သစ်ကူးပွဲတော်အား ပထမဦးဆုံးအကြိမ် ငွေရေးကြေးရေးအားဖြင့် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ကရင်
တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်ကပြောကြားခဲ့သည်။

“ကရင်နှစ်သစ်ကူးနေ့အတွက် ပထမဦးဆုံးအကြိမ်ထောက်ပံ့တယ်ဆိုတော့ ဒါဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားလူနည်းစုကို အသိအမှတ်
ပြုမှုပေါ့၊ ဒီပံ့ပိုးပေးတဲ့ပမာဏဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အကျိုးသက်ရောက်မှုအပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် တိုင်းရင်းသား
အချင်းချင်း ယုံကြည်မှုတွေ ၊ စုစည်းမှုတွေဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ပဲ ” ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြော
ကြားခဲ့သည်။

မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိသည့်အတွက် တစ်မြို့နယ်လျှင် ၁၅ သိန်းကျပ် ရရှိမည့် ကရင်နှစ်သစ်ကူးနေ့ကျင်းပရေး ထောက်ပံ့
ငွေများကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်များမှ ပွဲတော်ကျင်းပရေးကော်မတီအားလုံး ရုံးချိန်အတွင်း လာရောက်ထုတ်ယူ
နိုင်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ကိုယ်ရေးအရာရှိ ဦးစောချစ်သန်းက “ မွန်ပြည်နယ်အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာ
ဓလေ့တွေကို ထိန်းသိမ်းဖို့အတွက် ၊ဖော်ထုတ်ပေးဖို့အတွက် ထောက်ပံ့ပေးတယ်၊ အစိုးရသစ်လက်ထက်မှာ မွန်ပြည်နယ်သာမက သက်ဆိုင်
ရာ တိုင်းဒေသကြီးတွေမှာလည်း ဒီလိုမျိုးထောက်ပံ့ပေးထားတယ် ” ဟု ပြောသည်။

ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကရင်အမျိုးသားနိုင်ငံတော်အလံအား ဂုဏ်ပြုချီတက် အလေးပြုခြင်း ၊ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ ၊
လက်ဝှေ့ပြိုင်ပွဲ အပါအဝင် ကရင်ခေတ်ပေါ်ဂီတပွဲတော် ၊ ဇာတ်သဘင် နှင့် ရိုးရာယဉ်ကျေးမှု အခင်းအကျင်းများကို ပြသမည်ဖြစ်ကြောင်း
သိရသည်။