မွန်ပြည်နယ်တွင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ လာမည့်မေလတွင် စွမ်းဆောင်ရည် စတင်မြှင့်တင်မည် Mon News Agency, 10 April 2017

...

မွန်ပြည်နယ်တွင် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ လာမည့်မေလတွင် စွမ်းဆောင်ရည် စတင်မြှင့်တင်မည် Mon News Agency, 10 April 2017

Mon News Agency, 11 Apr 2017

URL: https://monnews.org/2017/04/07/thai-bank-to-launch-program-to-develop-small-and-medium-enterprises-in-mon-states-capital/
မွန်ပြည်နယ်ရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ SMEs များအား ချေးငွေနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်များအား လာမည့်မေလမှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းကပြောသည်။

အဆိုပါစွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖွဲ့စည်းပုံ၊ စာရင်းအင်းထိန်းသိမ်းခြင်း၊ အခွန်အခဆိုင်ရာကဏ္ဍရပ်များ၊ စျေးကွက်စီမံခန့်ခွဲမှု၊ လူ့စွမ်း
အားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ငွေကြေး စီမံခန့်ခွဲမှု၊ လုပ်ငန်းများချဲ့ထွင်ရေးအတွက် ဘဏ်ချေးငွေများ ရရှိရေး၊ အကြွေးကတ်ဝန်ဆောင်မှုများ အသုံးပြုနိုင်ရေးကို သင်ကြားပေးမည်ဟုဆိုသည်။

ဒေါ်အေးအေးဝင်းက “ မြန်မာနဲ့ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြလို့ နယ်စပ်ကုန်သွယ်ရေးက အဓိကကျပါတယ်။ ဒါကြောင့် ဒီ MoU အစီအစဉ်တွေကို မော်လမြိုင်နဲ့ မြိတ်တို့လို နယ်စပ်မြို့တွေက
နေစပြီး ဆောင်ရွက်ပါမယ်၊ လာမယ့် မေလမှာ မွန်ပြည်နယ် မော်လမြိုင်မြို့က SMEs တွေနဲ့ စပါမယ်” ဟု ပြောသည်။

အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ရေးအတွက် ငွေအရင်းအနှီးနှင့် နည်းပညာပိုင်းမှာပါ ပံ့ပိုးပေးသွားရန် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန အသေးစား
နှင့် အလတ်စားစီးပွားရေးလုပ်ငန်းမျာဆိုင်ရာ ဗဟိုဌာနချုပ်နှင့် ထိုင်းနိုင်ငံ KASIKORN- (K-BANK ) တို့၏ SME Capacity building Program Series နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုး
ပွဲကို နေပြည်တော်ရှိ Emerald Palace Hotel တွင် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခြင်းဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်က ဒီ SME လုပ်ငန်းတွေဟာ အဓိက လိုအပ်နေတဲ့ ဘဏ်ချေးငွေရဖို့အတွက် အပေါင်ပစ္စည်းကိုလည်း မပေးနိုင်ဘူး၊ Business Plan ကိုလည်း အဆင့်မီမီ မတင်ပြနိုင်သေးဘူး။ ဒါ
ကြောင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်တွေ လုပ်နိုင်ဖို့ ဒီ MoU ရေးထိုးရတာပါဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ်
အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းထားပြီးဖြစ်သည်။

မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ လက်ရှိမွန်ပြည်နယ် SMEs လုပ်ငန်းတွေဟာ ဥပဒေပြဌာန်းထားတဲ့အတိုင်း ဘောင်ဝင်အောင် မလုပ်ဆောင်နိုင်သေးဘူး၊ တနည်းပြောရ
ရင် ကျွန်တော်တို့ပြည်နယ်မှာ အသက်မဝင်သေးဘူး၊ ဆက်ပြီးကြိုးစားရအုံးမယ်” ဟု ဆိုသည်။

မွန်ပြည်နယ်သည် စပါး ၊ ရာဘာ ၊ ဥယျာဉ်ခြံလုပ်ငန်း ၊ ဆား နှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြသဖြင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများ
ရှိနေပြီး ပထဝီအနေအထားအရ အိမ်နီးချင်းထိုင်းနိုင်ငံသို့လည်း ကုန်းလမ်း ၊ ရေလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်ကြောင်း တွေ့ရှိရသည်။