ဆေးရုံ (၉၈) ရုံတွင် ကာကွယ်ဆေးထိုးဆေးခန်းများ ဖွင့်လှစ်မည်

...

ဆေးရုံ (၉၈) ရုံတွင် ကာကွယ်ဆေးထိုးဆေးခန်းများ ဖွင့်လှစ်မည်

Myanmar Times, 08 May 2017

URL: http://www.mmtimes.com/index.php/national-news/yangon/25885-immunization-clinics-available-in-98-hospitals.html
ရွှေ့ပြောင်းကလေးငယ်များအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အပြည့်အဝမရှိသည့် ကလေးငယ်များ ကာကွယ်ဆေး အားလုံး လက်လှမ်းမီရရှိစေရန် ကာကွယ်ဆေးထိုးနှံမည့် နေရာများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာထားထားလင်းက ပြောသည်။

ကလေးများပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ဒေသန္တရနှင့် မြို့နယ်ကျန်းမာရေးဌာနများ ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် အချို့သောဆေးရုံကြီးများတွင် ဆောင်ရွက်နေပြီး လူထုအနေဖြင့် ပိုမိုလက်လှမ်းမီစေရန် ယခုအခါ ခုတင်
၁၀၀ နှင့်အထက် ဆေးရုံကြီးများတွင်လည်း ကာကွယ်ထိုးဆေးခန်းများကို တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မေလမှစတင်ကာ ဆေးရုံပေါင်း(၉၈)ရုံတွင် ကာကွယ်ဆေးထိုးဆေးခန်းများ ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး လူထုအခြေပြုဆေးခန်းများတွင်လည်း ကာကွယ်ဆေးထိုးစုရပ်များ သီးခြားဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

လာမည့် သုံးနှစ်အတွက် ကလေးများ ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးအသစ်သုံးမျိုး ထည့်သွင်းနိုင်ရန်ကြိုးပမ်းနေပြီး ၂၁၀၈ ခုနှစ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ၂၀၁၉ ခုနှစ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေ
သည့် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ၂၀၂၀ တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ထည့်သွင်းနိုင်ရန် စီစဉ်နေကြောင်း ဒေါက်တာထားထားလင်းက ပြောသည်။

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုမှာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်းနှုန်းသာရှိသည့်အတွက် ကာကွယ်ဆေးအပြည့်အဝ မရရှိသည့် ကလေးပေါင်းမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် ကလေးတစ်ဦးအတွက် ကာကွယ်ဆေး ၁၀ မျိုး ထိုးနှံပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၅၀ကုန်ကျပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကလေးတစ်ဦးအတွက် ၆ ဒသမ ၇ ဒေါ်လာကို အစိုးရက ကုန်ကျခံခဲ့ကာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်
သည့် GAVI မှ ၄၃ ဒေါ်လာခန့် ကုန်ကျခံခဲ့သည်ဟု ၎င်းကပြောသည်။

ကလေးများ ကာကွယ်ဆေးထိုးအစီအစဉ်တွင် မွေးကင်းစမှ အသက်(၁၈)လအထိ ကာကွယ်ဆေး ၁၀ မျိုးထိုးနှံပေးနေပြီး ပြင်းထန်တီဘီရောဂါ၊ အသည်းရောင်အသားဝါဘီ ၊ ငါးမျိုးစပ်ကာကွယ်ဆေး ၊ ပိုလီယို ၊ ပြင်းထန်အဆုတ်ရောင် ၊ ဦးနှောက်
အမြှေးရောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိသည်။