မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်း

...

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်း

Mon News Agency, 15 Jul 2017

URL: https://www.bnionline.net/news/mon-state/item/3253-mon-state-establishes-investment-committee.html
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဇူလိုင်လ(၇)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

အဖွဲ့ဝင်(၇)ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌအဖြစ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားရေးမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမြင့်လွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုအတွက် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရေးဆွဲထားပြီး ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဟု ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် တန်ဖိုးငွေဒေါ်လာ ၅ သန်း( မြန်မာငွေသန်း ၆၀၀၀ ခန့်)အောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နေပြည်တော်သို့ ခွင့်ပြုချက်တင်စရာမလိုဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ၎င်းတန်ဖိုးနှင့်အထက် လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးအဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်မှုကော်မရှင်(ဗဟို)ထံက အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် Myanmar Investment Commission-MIC ၏ ကြေငြာချက်အမှတ် ၁၁/ ၂၀၁၇ အရ တိုင်းနဲ့ ပြည်နယ်အားလုံးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဥက္ကဌ ၊ သက်ဆိုင်ရာ MIC တိုင်းနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများက အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင် ၅ ဦးတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။