ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်မီစွာသုံးစွဲနိုင်ရန်အတွက် စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရန် စီမံဆောင်ရွက်နေဟု လျှပ်စစ် ဒုဝန်ကြီး ပြောကြား

...

ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်မီစွာသုံးစွဲနိုင်ရန်အတွက် စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရန် စီမံဆောင်ရွက်နေဟု လျှပ်စစ် ဒုဝန်ကြီး ပြောကြား

Myanmar Times, 16 Jan 2018

URL: https://www.mmtimes.com/news/moee-provide-3600-mw-additional-power-four-years.html
လာမည့်လေးနှစ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်မီစွာ သုံးစွဲနိုင်ရန်၊ လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန် ဓာတ်အားပေးစက်ရုံများကို စက်စွမ်းအားပြည့်လည်ပတ်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဒေါက် တာထွန်းနိုင်က ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်က မြန်မာနိုင်ငံ တွင် နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂ဝ
ခန့် အထိ တိုးတက်သုံးစွဲလျက်ရှိရာ လာမည့် ၂ဝ၁၈၊ ၂ဝ၁၉၊ ၂ဝ၂ဝ၊ ၂ဝ၂၁ ခုနှစ်တို့တွင် ပြည်သူများကို လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် လျှပ်စစ်ထုတ် လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့အစီအစဉ်ချပြီး လုပ်ဆောင်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အထိ စိစစ်လေ့လာပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပျမ်းမျှနှစ်စဉ် တိုးတက်မှုနှုန်းသည် ၁၆ ရာခိုင်နှုန်းခန့်ရှိလာခဲ့ပြီး လက်ရှိ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတွင် အမြင့်ဆုံးဝန်အား ၃၁၈၉ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ် အားထုတ်လုပ် သုံးစွဲနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ၃၁၈၉ မဂ္ဂါဝပ်ဖြင့် ခန့်မှန်း
၍ နှစ်စဉ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြင့် တွက်ချက်ပါက ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွက် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၃၆၉၉ မဂ္ဂါဝပ်ရှိပြီး ၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အတွက် ၄၂၉၁ မဂ္ဂါ
ဝပ်၊ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်အတွက် ၄၉၇၈ မဂ္ဂါဝပ်နှင့် ၂ဝ၂၁-၂ဝ၂၂ ခုနှစ် အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၇၄၄ မဂ္ဂါဝပ်အထိ အသီးသီး လျှပ်စစ်ဓာတ် အားလိုအပ်လာမည်ဖြစ်ကြောင်း ခန့်မှန်း
ထားသည်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ်အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၇၄၄ မဂ္ဂါဝပ်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရန်အတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးအပိုင်းတွင် ၂၅၈၅ မဂ္ဂါဝပ်ခန့် လျှပ်စစ်ဓာတ်
အား ထပ်မံဖြည့်ဆည်းထုတ်လုပ်ပေးရန် လိုအပ်လျက်ရှိသည်။ လာမည့် လေးနှစ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်စေရန် တို့အတွက် လျှပ်စစ်ဓာတ်အား စီမံကိန်းများကို နိုင်ငံတော်ဘတ်ဂျက်၊ နိုင်ငံတကာချေးငွေနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှပါဝင်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးသွားအောင် စီမံဆောင်ရွက်နေဆဲဖြစ်ပြီး တည်ဆောက်ပြီးစီးခဲ့သော သက်တမ်း နှစ် ၂ဝ ကြာ ဓာတ်အားပေးစက်ရုံများကိုလည်း စက်စွမ်းအားပြည့် လည်ပတ်မောင်းနှင်နိုင်ရန် အစီအစဉ်ချမှတ်၍ စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။