နိုင်ငံ့ဝန်ထမ်း တိုးမြှင့်လစာ ဧပြီမှ စတင်ခံစားခွင့်ရရှိမည် အငြိမ်းစားဝန်ထမ်းများလည်း ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ထုတ်ပြန်

...

နိုင်ငံ့ဝန်ထမ်း တိုးမြှင့်လစာ ဧပြီမှ စတင်ခံစားခွင့်ရရှိမည် အငြိမ်းစားဝန်ထမ်းများလည်း ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ထုတ်ပြန်

Mizzima, 30 Apr 2018

URL: http://www.mizzima.com/news-domestic/salary-hike-all-government-employees-start-april
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ် ပြီးဖြစ်ကာ ဧပြီလမှစ၍ ခံစားခွင့်ရရှိမည်ဖြစ်ပြီး အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့်ငွေကိုလည်း သုံးသပ် တွက်ချက်၍ သီးခြားထုတ်ပြန် ပေးမည်ဖြစ်ကြောင်း စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်၌ အမိန့်ကြော်ငြာ စာထုတ်ပြန်ခဲ့သည်။အဆိုပါ အမိန့်ကြော်ငြာစာအရ ဒေသ စရိတ် ခံစားခွင့်နှင့်ပတ်သက်၍လည်း တိုးမြှင့်သည့် လစာနှုန်းထားနှင့်အညီ ခံစားခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း များအား နှစ်တိုးများကို နှစ်နှစ်လျှင်တစ်ကြိမ် ခံစားခွင့်ပြု မည်ဖြစ်ကာ လက်ရှိ လစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့်နေ့များမှာ ယခင် အတိုင်း ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာ အပါအဝင် ဌာနအဖွဲ့အစည်းများတွင် ခန့်ထားသည့် ဝန်ထမ်းများ၏ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင် သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်တွက် ချက်ပြီး သီးခြားထုတ်ပြန်မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင်ပါရှိသည်။

ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် သတ်မှတ်ထားသော လစာနှင့်စရိတ်နှုန်းထားများနှင့် ခွင့်ပြုပေးနိုင်မည့် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးကောင်စီသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်ရှိ ခံစားရရှိနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ တာဝန်ထမ်းဆောင်ချိန်မှသာ ရာထူးအဆင့်နှင့်လျော် ညီစွာ သတ်မှတ်ထား သောလစာနှုန်းသစ်ကို ခံစားခွင့်ရရှိမည်ဖြစ်သည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းကို အထိုက် အလျောက် မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့် သတ်မှတ်ပေးရန် ယခုနှစ် ဧပြီ၂၅ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။