မွန်ပြည်နယ်အတွင်း ကရင်ရိုးရာပွဲ ပြည်နယ်အစိုးရ ထောက်ပံ့မည်

...

မွန်ပြည်နယ်အတွင်း ကရင်ရိုးရာပွဲ ပြည်နယ်အစိုးရ ထောက်ပံ့မည်

Network Media Group, 21 Aug 2018

URL: https://www.bnionline.net/en/news/mon-state-govt-gives-funding-karen-traditional-ceremonies-mon-state
မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ၏ လက်ချည်ပွဲကို မွန်ပြည်နယ် အစိုးရက ငွေကျပ်သိန်း ၅၅၀ ထောက်ပံ့ပေးသည် ဟု ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။

“တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ တွေကို ဖော်ထုတ်ထိန်းသိမ်းတဲ့နေရာမှာ အစိုးရအနေနဲ့ အသိအမှတ်ပြုပေးတာ ကူညီထောက်ပံ့ပေးတာလိုပါ တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ကရင်တိုင်း ရင်းသားများနေထိုင်ကြသည့် မွန်ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့နယ်တို့တွင် မြို့နယ်အဆင့်နှင့် ကျေးရွာ ပေါင်း ၁၀၀ ကျော်တို့တွင် ကျေးရွာအဆင့် အသီးသီးက ကျင်းပ ကြမည်ဖြစ်သည်။

ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးသည့် ကျပ်သိန်း ၅၅၀ မှ မြို့နယ်အဆင့်အနေဖြင့် တစ်မြို့နယ်လျှင် ကျပ် ၁၅ သိန်းနှုန်းနှင့် ကျေးရွာအဆင့်အနေဖြင့် တစ်ရွာလျှင် ကျပ် ၃ သိန်းခွဲနှုန်းဖြင့် ချည်ဖြူဖွဲ့ မင်္ဂလာအခမ်း အနား ကျင်းပမည်ဖြစ်သည်။

ပြည်နယ်အတွင်းက ကျင်းပသည့် ချည်ဖြူဖွဲ့ ပွဲတော်များအတွက် ပြည်နယ်အစိုးရမှ ငွေကြေးထောက်ပံ့ပေးခြင်းကို ယမန်နှစ်က စတင်ခဲ့သည်ဟု ကရင်တိုင်းသားရေးရာ ဝန်ကြီးကပြောသည်။

ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယခင်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင်းပပြုလုပ်လာခဲ့ရသည့်အတွက် ခမ်းနားစွာမ ကျင်းပနိုင်ခဲ့သည်ကို ယခုအခါ ပြည်နယ်အစိုးရက ကူညီထောက်ပံ့မှုပေးသည့် အတွက် ပိုမိုခမ်းနားအောင် ကျင်းပနိုင်ခဲ့သည်ဟု မွန်ပြည်နယ်တွင် နေထိုင်နေသည့် ကရင်တိုင်းရင်းသား စောချစ်သန်းက ပြောသည်။

“ကိုယ့်ရဲ့ ရိုးရာဓလေ့ကို အစိုးရကိုယ်တိုင် အသိအမှတ်ပြုပြီး ပံ့ပိုးပေးတယ်။ နောက်ပြီးတော့ တခြားတိုင်းရင်းသားတွေလည်း ဒီပွဲတော်ကို လာပြီးတော့ ဆင်နွှဲတဲ့အခါကျတော့ ကျနော်တို့ ယဉ်ကျေးမှုကို သူတို့သိ သွားတယ်။ ဒါဟာဝမ်းသာစရာပါ” ဟု စောချစ် သန်းက ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ (၆) လတာ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တိုင်းရင်းသားရေးရာ အသုံးစရိတ် ငွေစာရင်း ခေါင်း စဉ်ဖြင့် မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများအတွက် ထောက်ပံ့ပေးထားဟု မွန်ပြည်နယ်အစိုးရအဖွဲ့ကပြောသည်။

မွန်တိုင်းရင်းသားများအတွက် ကျပ်သိန်း ၁၀၀၀၊ ကရင်တိုင်းရင်းသားများအတွက် ကျပ်သိန်း ၁၅၀၀ နှင့် ပအိုဝ်းတိုင်းရင်းသားများ အတွက် ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ပေးထားသည်ဟု ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်တို့၌ ကရင်တိုင်းရင်းသားများ နေထိုင်လျှက်ရှိပြီး သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် အများဆုံးဖြစ်သည်။မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ကရင်တိုင်းရင်းသား ၃ သိန်းကျော်ရှိသည်။