သင်ဖြူးဖျာယက်လုပ်ခြင်းဖြင့် ပန်းတနော်နယ်မှ အမျိုးသမီးများ ဝင်ငွေတိုးပွားရေး စီမံကိန်းချ လုပ်ဆောင်နေ

...

သင်ဖြူးဖျာယက်လုပ်ခြင်းဖြင့် ပန်းတနော်နယ်မှ အမျိုးသမီးများ ဝင်ငွေတိုးပွားရေး စီမံကိန်းချ လုပ်ဆောင်နေ

Karen Information Center, 13 Sep 2018

URL: https://www.bnionline.net/en/news/mat-weaving-project-aims-increase-rural-womens-income-pantanaw-area
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်း ကျေးလက်နေ အမျိုးသမီးများအတွက် ဝင်ငွေတိုး စေရန် ရည်ရွယ်ပြီး တပိုင်တနိုင် သင်ဖြူးဖျာ ယက်လုပ်ခြင်းလုပ်ငန်းဖြင့် ဝင်ငွေရှာဖွေခြင်းကို INGO အဖွဲ့တစ်ခု၏ ပံ့ပိုးမှုနှင့် စီမံကိန်းတစ်ရပ်အနေဖြင့် လုပ်ဆောင်နေပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါ တပိုင်တနိုင် သင်ဖြူးဖျာယက်လုပ်ခြင်း လုပ် ငန်း စီမံကိန်းကိုLIFT (Livelihoods and Food Security Trust Fund) မှ ငွေကြေးထောက်ပံ့ပေးခြင်းနှင့် GRET MYANMAR (INGO) အဖွဲ့၏ စီမံကိန်း ပံံ့ပိုးမှုဖြင့် ပန်းတနော် ကရင်လူငယ်များ ( PKY) အဖွဲ့မှ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် လုပ် ဆောင်ခြင်း ဖြစ်သည်။

(PKY)အဖွဲ့မှ စရဲသူရိန်ဟန်က “လက်ရှိ သင်ဖြူးဖျာလုပ်ငန်း လုပ်ဆောင်ရင်းနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာအောင် တခြားကဏ္ဍကနေ ကျနော်တို့က သင်တန်းတွေ ပေးတယ် ။ အစုအဖွဲ့ပုံစံနဲ့ လုပ် ဆောင်တတ်လာအောင် ၊ ကိုယ်ပိုင် ငွေစာရင်းလေးတွေ ရေးဆွဲတတ်လာအောင်၊ လုပ်ဆောင်နေတဲ့ စီမံကိန်းကနေတစ်ဆင့် နောက်ပိုင်းဝင်ငွေ ပိုတိုးပွားလာပြီး အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကိုလည်း လုပ်ဆောင်တတ်လာစေဖို့ အတွက်ပေါ့နော်” ဟု ကေအိုင်စီသို့ ပြောသည်။

ဒီဇင်ဘာလ ၃၁ရက်နေ့ အထိ သတ်မှတ်ထားသည့် စီမံကိန်းကာလအတွင်း သင်ဖျာဘဏ်တစ်ခု တည်ထောင်ပေးထားကာ စီမံချက်ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ အမျိိုးသမီး ၂ဝဦးကို သင်ဖြူးဖျာများ ယက်လုပ်စေပြီး ၎င်းတို့မှ တစ်လလျှင် အနည်းဆုံး ၄၅,ဝဝဝကျပ် တန်ဖိုးရှိ သင်ဖြူးဖျာများကို ပေးသွင်းရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါ သင်ဖြူးဖျာများကို ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေရှာဖွေပေးသည့် နည်းလမ်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်နိုင်ရန် အမျိုးသမီး ၂၀ ဦးထဲမှ ၅ ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ်ထားကာ ငွေထိန်း၊ စျေး ကွက်ရှာသူ၊ သင်မထုတ်ပေးသူ၊ ဖျာလက်ခံသူ စသည်ဖြင့် လုပ်ငန်းတာဝန်အသီးသီးခွဲဝေပြီး အစုအဖွဲ့ပုံစံဖြင့် စုပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်သည်ဟု စီမံကိန်းတာဝန်ရှိသူများက ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဒေသထွက်ကုန်များဖြင့် အသက်မွေး ဝမ်းကျောင်းများလုပ်ကိုင်ပြီး ပြင်ပတွင် အလုပ်ထွက်လုပ်ကိုင်ရသူ နည်းပါးလာစေရန်၊ ငွေတိုးကြေးတိုး ရယူခြင်းများ လျော့နည်းလာစေရန် ၊ မိသားစုများမှ ဝင်ငွေ တိုးလာခြင်းဖြင့် သားသမီးများ၏ ပညာရေးကဏ္ဍတွင် ပိုမိုအားပေး လာနိုင်စေရန် မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယခုစီမံကိန်းကို ပန်းတနော် မြို့နယ်တွင် ပထမဆုံးစတင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း နေထိုင်သူ များအနေဖြင့် လယ်၊ ယာ၊ ကိုင်းသီးနှံ၊ ကွမ်း၊ ရေလုပ်ငန်းစသည်တို့အပြင် သင်ဖြူး ဖျာယက်လုပ် ရောင်းချခြင်း လုပ်ငန်းကိုလည်း တပိုင်တနိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် လုပ်ကိုင်ကြသည်ဟု လည်းသိရသည်။