မြန်မာခေါင်းဆောင်များအတွက် ကိုရီးယားထိပ်သီးဆွေးနွေးပွဲမှ သင်ခန်းစာများ

...

မြန်မာခေါင်းဆောင်များအတွက် ကိုရီးယားထိပ်သီးဆွေးနွေးပွဲမှ သင်ခန်းစာများ

The Irrawaddy, 24 Sep 2018

URL: https://www.irrawaddy.com/opinion/guest-column/korean-reconciliation-three-lessons-myanmars-leaders.html
တောင်ကိုရီယားသမ္မတ မွန်းဂျေအင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် သမိုင်းဝင် ဆွေးနွေးပွဲ ပြုလုပ်ရန် စက်တင်ဘာလ ၁၈ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည်။၂၀၀၀ ပြည့်နှစ်က မြောက်ကိုရီးယားသို့ လာရောက်သော ကင်ဒေးဂျုံနှင့် ၂၀၀၇ ခုနှစ်က လာရောက်သည့် ရိုမူဟွန်းတို့ပြီးလျှင် မွန်းသည် မြောက်ကိုရီးယားသို့ ရောက်လာသော တတိယမြောက် တောင်ကိုရီးယား သမ္မတ ဖြစ်သည်။

စက်တင်ဘာလအတွင်း မွန်း-ကင် ဆွေးနွေးပွဲသည် တတိယအကြိမ်မြောက်ဖြစ်ပြီး တောင်နှင့် မြောက်ကိုရီးယား အကြား ပဉ္စမမြောက် ထိပ်သီးဆွေးနွေးပွဲ ဖြစ်သည်။ လက်ရှိ သမ္မတ နှစ်ဦးအကြား ယခင် ဆွေး နွေးပွဲများကို ယခုနှစ်အစောပိုင်း ဧပြီလ ၂၇ ရက်နေ့နှင့် မေလ ၂၆ ရက်နေ့များက တောင်နှင့် မြောက်ကိုရီးယားနယ်စပ်တွင် ကျင်းပခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့၏ တက်ညီလက်ညီ လှုပ်ရှားမှုမှာ ချီးကျူးဖွယ်ရာဖြစ်သည်။ ၂၀၁၇ ခုနှစ် မေလတွင် မွန်း စတင် တာဝန်ယူပြီးနောက် တိုတောင်းလှသောကာလအတွင်း သုံးကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ် သည်။

နောက်ဆုံးကျင်းပသည့် ပြုံယမ်း အစည်းအဝေးတွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းသော စနစ်တခု ဖန်တီးခြင်းဖြင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးတို့ကို ဆွေးနွေးကြသည်။

ထိုဆွေးနွေးပွဲတွင် မကြုံစဖူး ထူးကဲသော နျူလက်နက်ဖျက်သိမ်းရေး သဘောတူညီမှုရရှိသည်။ နောင် တုံချမ်းရီမှ ဒုံးကျည်စမ်းသပ်စခန်းကို အပြီးအပိုင် ဖျက်သိမ်းရေးဖြစ်သည်။

မြန်မာခေါင်းဆောင်များအနေဖြင့် ကိုရီးယားခေါင်းဆောင်များထံမှ လေ့လာရန် ထူးခြားသော သင်ခန်းစာ သုံးခုရှိသည်။

ပထမ သင်ခန်းစာမှာ နျူကလီးယား ဖျက်သိမ်းရေးအတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးတို့အ တွက် ၎င်းတို့ ကိုယ်တိုင်မှလွဲ၍ မည်သူ့တွင်မျှ တာဝန်မရှိကြောင်း မွန်းနှင့် ကင် နှစ်ဦးစလုံးတို့ နားလည် သဘောပေါက်ထား ကြပုံရသည်။ ထို့ကြောင့် ထိုအစည်းအဝေးကို ကျင်းပနိုင်ရန် အားထုတ်ကြခြင်း ဖြစ် သည်။

ဒုတိယ သင်ခန်းစာမှာ စတင်ဆွေးနွေးရန်အတွက် တဖက်နှင့်တဖက် အထူး သံတမန်များကို နှစ်ဖက်စလုံးက စေလွှတ်ကြခြင်း ဖြစ်သည်။ မွန်း၏ ပြုံယမ်းထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ခေါင်းဆောင်နှစ်ဦးတို့သည် ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရေးနှင့် ထိပ်သီးဆွေးနွေးပွဲ အဆင်ပြေချောမွေ့ရေးအတွက် အထူးသံတမန်များကို စေလွှတ်ခဲ့ ကြသည်။

“အထူးသံတမန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ အရမ်းကိုအောင်မြင်တယ်။ ရလဒ်တွေက ထင်ထားတာထက် အများကြီးကို ကောင်းနေတယ်” ဟု မွန်းက စက်တင်ဘာလ အစောပိုင်းတွင် မြောက်ကိုရီးယားသို့ အထူးသံတမန် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီးနောက် ပြောသည်။

တတိယ သင်ခန်းစာမှာ မြောက်ကိုရီးယားနိုင်ငံတွင် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းဖြစ်သည်။ မွန်းသည် ငြိမ်းချမ်းရေး အတွက် ဆုံးဖြတ်ချက်ပြတ်သားမှုကို ပြသသည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ သမိုင်း ဝင်သွားရောက်သည်။ သုံးကြိမ်မြောက် တွေ့ဆုံအပြီးတွင် ကင် ကလည်း မကြာတော့သော အနာဂတ်တွင် တောင်ကိုရီးယားသို့ သွားရောက်နိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောဆို လာရသည်။

နှစ်ဖက်စလုံး၏ ထိုသို့ တက်ညီလက်ညီရှိသော အားထုတ်မှုများကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင် သည် ထရမ့်၏ သမ္မတသက်တမ်း ကုန်ဆုံးသော ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မတိုင်မီ သုံးနှစ်အတွင်း နျူကလီးယား အပြည့်အ၀ ဖျက်သိမ်းရေးကို ရည်ရွယ်လာပုံရသည်။ နျူကလီးယား ဖျက်သိမ်းရေးအပြင် ကိုရီးယား ခေါင်းဆောင် နှစ်ဦးတို့သည် ၂၀၃၂ ခုနှစ် အိုလံပစ် ပွဲကို ပူးတွဲအိမ်ရှင်များအဖြစ် လက်ခံကျင်း ပရေးအတွက် ကြိုးစားရန်လည်း သဘောတူကြသည်။

နျူကလီးယား လက်နက်များလောက် အရေးမပါသော ပြည်တွင်း ပဋိပက္ခ ဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို စောစီးစွာ ထိန်းချုပ်နိုင်ခဲ့သင့်ပြီး သက်ဆိုင်ရာအဖွဲ့များမှ ခေါင်းဆောင်များ၏ အားထုတ်မှုဖြင့် ပိုမိုလျှင်မြန်စွာ ဖြေရှင်းခဲ့သင့်သည်။ သို့သော် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှည်ကြာသော ဖြစ်စဉ်ဖြစ်နေပြီး ငြိမ်းချမ်းရေးမရဘဲ အကျပ်အတည်း များကိုသာ ရရှိနေသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (UPC) ၏ ရက္ခိုင့် တပ်မတော် (AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်များနှင့် စက်တင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းတွင် ကျင်းပသည့် အစည်းအဝေးသည် ဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်ရေးအားထုတ်မှုကို ပိုမို ကောင်း မွန်စေသည့် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်သည်။

စိတ်ထိခိုက်စရာ ကောင်းသည်မှာ ထိုနေ့တွင်ပင်စီစဉ်ထားသည့် UPC နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား အစည်းအဝေးကို ပြင်ဆင်မှု အားနည်းချက်များအတွက် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။

ထိုအစည်းအဝေးမှာ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ်ကြီး အန် ဗန်လ ဦးဆောင်သည့် KIO ကိုယ်စားလှယ်များ ဖေဖော်ဝါရီလနှင့် သြဂုတ်လ တွေ့ဆုံပြီး ထပ်မံတွေ့ဆုံရန် ပြင်ဆင်ကြခြင်းဖြစ်သည်။ ထိုအစည်းအဝေးများတွင် တပ်မတော်၏ အတင်းအကျပ် ပြုခြင်းနှင့် ထပ်မံဆွေးနွေးပွဲများအတွက် ကြိုတင်စည်းကမ်းချက် များကြောင့် မည်သည့် ရလဒ် ကိုမျှ မရရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြန်ဆန်အောင်မြင်ရေးအတွက် နှစ်ဖက် (တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ) ခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက် ပြတ်သားသော ဆုံး ဖြတ်ချက်ကို ရှေ့တန်းတင်ခြင်း၊ အထူးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်း၊ နှစ်ဖက် ဒေသများကို အပြန်အလှန် သွားရောက်ခြင်းနှင့် တဖက်နှင့်တဖက် ကြိုတင် စည်းကမ်းသတ်မှတ်ချက် မရှိဘဲ တွေ့ဆုံခြင်း တို့ဖြင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အရေးကြီးသည်။

၎င်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခရီးရောက်ရေးအတွက် အရေးပါသည် သို့မဟုတ် ငြိမ်းချမ်းရေး အားထုတ်မှု တခုလုံးကို နှောက်ယှက် ဖျက်ဆီးခြင်းကိုလည်း တားဆီးနိုင်သောကြောင့် မြန်မာခေါင်းဆောင် များ၊ အထူးသဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ မြောက်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များထံမှ သင်ခန်းစာယူသင့်သည်။

“ကျနော်တို့တတွေ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား လက်နက် သို့မဟုတ် နျူကလီးယား ခြိမ်းခြောက်မှု ကင်းမဲ့တဲ့ ဒေသအဖြစ်ပြောင်းလဲပစ်ဖို့ တက်တက်ကြွကြွအားထုတ်ဖို့ ကျနော်တို့ သဘောတူခဲ့တယ်”
ဟု မကြာသေးမီက ပြုံယမ်းတွင် ကျင်းပသည့် မွန်း-ကင် ထိပ်သီဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ကင် ပြောခဲ့သည့်အတိုင်း တပ်မတော် ဗိုလ်ချုပ်ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင်များ နှစ်ဖက်စလုံး တွင် ငြိမ်းချမ်းရေးအတွက် ခိုင်မာသော ဆုံးဖြတ်ချက်ရှိလျှင် ၎င်းတို့သည် ထိုစစ်မက်ဇုန်ကို တိုက်ခိုက်မှုမရှိသော ငြိမ်းချမ်းသည့် နယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်မည်ဟု မြန်မာနိုင်ငံသားများက ယုံကြည်နေကြ ပါသည်။