တန် (၁ဝ,ဝဝဝ) ထွက် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လျာထားမှု ခွင့်ပြုခြင်းမရှိသေးဟု ဗိုလ်ချုပ်ကြီး စောဂျော်နီ ပြော

...

တန် (၁ဝ,ဝဝဝ) ထွက် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် လျာထားမှု ခွင့်ပြုခြင်းမရှိသေးဟု ဗိုလ်ချုပ်ကြီး စောဂျော်နီ ပြော

Karen Information Center, 03 Oct 2018

URL: https://www.bnionline.net/en/news/no-permission-has-been-granted-construction-10000-ton-cement-plant-gen-saw-johnny
KNU-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်နယ်မြေ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ၊ ရင်းဘိုင်း ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအနီး ရတနာ စိုင်းကောင်းမြတ်ကျော်ကုမ္ပဏီမှ ဘိလပ်မြေ စက်ရုံတည်ဆောက်မှုအတွက် လျာထားသည့် အပေါ် ၎င်းတို့ သဘောတူခွင့်ပြုထားတာမျိုး မရှိသေးကြောင်း KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောသည်။

“ပြည်သူလူထုတွေထိခိုက်စေမဲ့ စီမံကိန်းတွေကို လက်ခံမှာ မဟုတ်ဘူး။ ပြည်သူအကျိုးရှိမယ်ဆိုရင်တော့ ထည့်သွင်းစဉ်း စားသွားမယ်။ အားလုံးက ပြည်သူလူထုဆန္ဒအပေါ်မှာပဲ မူတည်တယ်။ ကုမ္ပဏီ ဘက်က စီမံကိန်းလုပ်ဖို့ လျာထားတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က သဘောတူခွင့်ပြုထားတာမျိုး ဘာမှမရှိသေးဘူး”ဟု ဘိလပ်မြေ တည်ဆောက်ရန် လျာထားသည့် ကိစ္စနှင့်ပတ်သက်၍ ကေအိုင် စီမှ ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်ချုပ်ကြီး စောဂျော်နီက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘိလပ်မြေ စက်ရုံတည်ဆောက်မှုကိစ္စကို KNU ၏ မူဝါဒအတိုင်းသာ ရပ်တည်သွားမည်ဖြစ်ပြီး ကုမ္ပဏီဘက်မှလာ ရောက်ဆွေးနွေးပြောဆိုမှုများရှိသော်လည်း ဗဟိုကိုတင်ပြပြီးမှ ဆုံးဖြတ်ချက်ရ ယူသွားမည်ဟု ဗိုလ်ချုပ်ကြီးစောဂျော်နီက ဆက်လက်ပြောသည်။

တည်ဆောက်ရန် လျာထားသည့် ၎င်းဘိလပ်မြေစက်ရုံမှာ တစ်ရက်လျှင် တန်ချိန် တစ်သောင်း (၁ဝ,ဝဝဝ) ထုတ်လုပ် နိုင်သည့် (၂ )လိုင်းပါရှိမည့် အဆိုပါစက်ရုံအား အမေရိကန်ဒေါ်လာ သန်း (၇၆ဝ) ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး New Day Process နိုင်ငံတကာ အဆင့်မီ နောက်ဆုံးနည်းပညာဖြင့် တည်ဆောက်မည်ဖြစ်ကာ ဒေသခံ ၅,ဝဝဝ ဝန်းကျင် အလုပ်အကိုင်ရရှိနိုင်မည်ဟု ကုမ္ပဏီတာဝန်ရှိ ဘက်မှ ပြောဆိုထားသည်။

ရတနာစိုင်းကောင်းမြတ်ကျော််ကုမ္ပဏီမှ စက်ရုံတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၂၃ ရက်နေ့က သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များနှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပြီး ရှမ်းရွာသစ် စီမံ ကိန်းဒေသရှိ ဌာနေလူထုများ၏ သဘောထား ရယူမှုတစ်ခုလည်း ပြုလုပ်သွားကြောင်း သိရသည်။

ကရင်မြစ်ချောင်းစောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ (KRW)မှ စောသာဘိုးက “စီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့လုပ်တဲ့ပွဲ တွေ မှာ အရပ်ဖက်အဖွဲ့တွေကို ဖိတ်တာမျိုးမရှိပါဘူး။

ထိခိုက်မှုမရှိသလောက်နည်းတယ််လို့ သူတို့ဖော်ပြထားတယ်။ သို့သော် လည်း နည်းပညာပိုင်းဆိုင်ရာတွေမှာ ဘယ်လိုလုပ်မှာလဲဆိုတဲ့ ကိစ္စက ဒေသခံတွေကို အသိပေးသင့်တယ်။ စီမံကိန်းလုပ် မဲ့နေရာ မှာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်လုပ်ဖို့လိုသလို အလွှာအသီးသီးက ဒေသခံတွေ ပါဝင်ခွင့်ရှိဖို့လည်း လိုတယ်”ဟု ပြောသည်။

၎င်းအပြင် ယခုတည်ဆောက်ရန် လျာထားသည့် ဘိလပ်မြေစီမံကိန်းအပေါ် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် ဒေသခံများက စိုးရိမ်မှုများရှိသလို ဒေသခံများအား ရှင်းရှင်းလင်းလင်း အသိပေး ချပြ ခြင်းမရှိဘဲ စီမံကိန်းကို အကောင် အထည်ဖော်ဆောင်မည်ဆိုပါက လက်ရှိ ဖော်ဆောင်နေသည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ထိခိုက်သွားနိုင်သည်ဟု လည်း စောသာဘိုးက မှတ်ချက်ပြုသည်။

စက်ရုံတည်ဆောက်မှုကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီမှ စီမံကိန်းဧရိယာတွင် ပါဝင်သည့် လယ်ယာခြံမြေများကို တန်ဖိုးနှုန်း အတိုင်း ပေးသွားမည်ဖြစ်ပြီး ၎င်းစက်ရုံတည်ဆောက်မည့်အပေါ် ကရင်ပြည်နယ် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကနဦးသဘောတူညီမှု ရရှိထားသည်ဟု သိရသည်။