မြဝတီတွင် အိမ်ရာနှင့် အဝေးပြေးကားဝင်း စီမံကိန်းတည်ဆောက်ရန် KNU တပ်မဟာ (၇) ကုမ္ပဏီ စီစဉ်

...

မြဝတီတွင် အိမ်ရာနှင့် အဝေးပြေးကားဝင်း စီမံကိန်းတည်ဆောက်ရန် KNU တပ်မဟာ (၇) ကုမ္ပဏီ စီစဉ်

Karen Information Center, 24 Sep 2018

URL: https://www.bnionline.net/en/news/knu-brigade-7-plans-build-housing-highway-bus-terminal-myawaddy
နယ်စပ်ဒေသ ဒုက္ခသည်စခန်းများရှိ ကရင်တိုင်းရင်းသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဒေသခံနှင့် အခြေခံ ပြည်သူများအတွက် ရည်ရွယ်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) ကုမ္ပဏီ တစ်ခုဖြစ်သည့် Stepping Stone Company Limited မှ မြဝတီမြို့တွင် စိမ်းလဲ့မြိုင်စီမံကိန်းအမည်ဖြင့် တန်ဖိုးနည်းအိမ်ရာ တစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ စီမံကိန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှ ၄ မိုင်အကွာ အာရှ လမ်းမကြီးဘေးရှိ မြေဧက ၄၈ ဧကပေါ်တွင် ယခုနှစ်ကုန်ပိုင်းမှစတင်ကာ အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဟု စီမံကိန်းဖြစ်မြောက်ရေးအတွက် တာဝန်ယူချိတ်ဆက်ပေးသည့် တာဝန်ခံတစ်ဦးဖြစ်သူ ဗိုလ်မိုရှေး က ယခုလို ပြောသည်။

“ဒုက္ခသည် စခန်းမှာရှိတဲ့ ကရင်ပြည်သူတွေ နောက်ပြီး လက်လုပ်လက်စားလုပ်တဲ့ပြည်သူတွေ တစ်ခြားနေရာ မှာ ငှားနေရမယ့်အစား ကိုယ်ပိုင်တိုက်ခန်းလေးရှိသွားအောင် ဝယ်နိုင်မယ့်စျေးနှှုန်းနဲ့ ရည် ရွယ်ပြီးလုပ် တာဖြစ်ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အကောင်အထည်ဖော်မည့် စိမ်းလဲ့မြိုင်စီမံကိန်းတွင် အိမ်ခန်းပေါင်း ၁၀,၀၀၀ ကျော်နှင့် စျေး၊ ခန်းမ၊ ကျောင်း ၊ ဆေးရုံ ကျန်းမာရေးစင်တာ၊ ကလေးကစားကွင်းနှင့် ပန်းခြံစသည့် အဆောက်အဦးများပါဝင် မည်ဖြစ်ပြီး အိမ်ရာ အပါအဝင် ယာဉ်သွားလာရပ်နားမှု အဆင်ပြေစေရန် အဝေးပြေးကားဝင်းတစ်ခုကိုလည်း တည်ဆောက် သွားမည်ဟုလည်း သိရသည်။

ရောင်းချသည့်အိမ်ခန်းများအတွက် လစဉ် ငွေကျပ် တစ်သိန်းဝန်းကျင်မှ စတင်ပြီး နှစ် ၂၀ အရစ်ကျ ငွေပေးချေ သည့် စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကာ စီမံကိန်း စတင်သည့် ၃ နှစ်မှ ၅ နှစ်အတွင်း ဦးစွာ ဝယ်ယူထားသူများ အနေဖြင့် တည်ဆောက်ပြီးသွားသော အခန်းများတွင် အစီအစဉ်လိုက် ဝင်ရောက်နေထိုင်နိုင်သည်ဟု သိရ သည်။

မကြာမီ စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည့် ယင်းစိမ်းလဲ့မြိုင်စီမံကိန်းမှာ KNU တပ်မဟာ(၇) ရှိ ကုမ္ပဏီများထဲမှ ကရင်ပြည်နယ် အစိုးရ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ပထမဦးဆုံးအကြိမ် စတင် ဆောင်ရွက်သည့် စီမံကိန်းလည်းဖြစ်သည်။