မြန်မာမှ ဂျပန်နှင့်အတူ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေ

...

မြန်မာမှ ဂျပန်နှင့်အတူ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်နေ

Eleven Myanmar, 09 Nov 2018

URL: https://elevenmyanmar.com/news/myanmar-implements-elderly-healthcare-services-with-japan
ယခုအခါတွင် မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံနှင့်အတူ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အလုပ်လစ်လပ်နေရာ ၃ သိန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အဆိုအရသိရသည်။

“ဂျပန်သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ မြန်မာကလူငယ်တွေကို ပါဝင်စေချင်လို့ ကျွန်တော်တို့ သူတို့ကို လေ့ကျင့်သင်ကြားပေးချင်ပါတယ်။ အခုလောလောဆယ်မှာတော့ ဂျပန်က သက်ကြီးရွယ် အိုတွေကို စောင့်ရှောက်ဖို့အတွက် အလုပ်လစ်လပ်နေရာ ၃ သိန်း ကျွန်တော်တို့ ဖြည့်ပေးဖို့လိုအပ်နေပါတယ်” ဟု ဂျပန်-မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ Hideo Watanabe က ပြောခဲ့သည်။

မြန်မာသည် ဂျပန်ဆာကူရာကုမ္ပဏီနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်သူများအတွက် သင်တန်းကျောင်းကို ရန်ကုန်အထွေထွေဆေးရုံကြီးဝင်းအတွင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောခဲ့သည်။ မြန်မာဆရာများသည် ဂျပန်ရှိ ဆရာများနှင့်အတူ ဂျပန်သင်ရိုးညွှန်းဖြင့် အတူတကွ သင်တန်းစတင်ပေးနေပြီဖြစ်သည်။ လုပ်ငန်းအား ဂျပန်-မြန်မာချစ်ကြည်ရေးအဖွဲ့က ပံ့ပိုးပေးရန် သူက တိုက်တွန်းထားသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဂျပန်မှ Polestar KAIGO Service Co ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ သက်ကြီးရွယ်အိုစောင့်ရှောက် သူများအတွက် အသက်မွေးသင်တန်းကျောင်းဖွင့်လှစ်ရန်အတွက် စီစဉ်ထားမှုနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သင်တန်းကျောင်းအတွက် လိုအပ်သည့် သင်တန်းစာသင်ခန်းများ၊ သင်ရိုးနှင့် သင်ထောက်ကူပစ္စည်းများ၊ သင်တန်းတက်ချင်သူများအတွက် အရည်အသွေး မြှင့်တင်ပေးခြင်းနှင့် သင်တန်း တက်ရောက်ပြီးစီးပြီးနောက် ဂျပန်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများ၌ အရည်အချင်းရှိသင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစသည်တို့နှင့်ပတ်သက်၍လိုအပ်သောပြင်ဆင်မှု များပြုလုပ်ရန်အတွက် Human Professional Resources Development and Management ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။

သင်တန်းအား ၆လကြာအချိန်ပြည့် တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်သူများသည် ဂျပန်ဆရာများသင်ကြားပေးသည့်သူနာပြုအပိုင်းများကို လက်တွေ့နှင့် သီအိုရီပိုင်းဆိုင်ရာကို သင်ကြားရမည် ဖြစ်သည်။

ဂျပန်အစိုးရသည် ဂျပန်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများတွင် လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများအား အမြန်ဆုံး ပို့ပေးရန် မြန်မာအစိုးရထံ ကမ်းလှမ်းခဲ့သည်။

မြန်မာလုပ်သားများသည် ဂျပန်အစိုးရက ပေးသည့် အများဆုံးလုပ်ခနှုန်းကို ခံစားရမည်ဖြစ်သည်။