ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ် အဆင့် ရလိုကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

...

ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ် အဆင့် ရလိုကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

The Irrawaddy, 11 Jan 2019

URL: https://www.irrawaddy.com/news/confederation-option-arakanese-people-aa-chief-says.html
ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ်အဆင့် ရရှိသည်အထိ ကြိုးစားသွားရန် နိုင်ငံရေး ရည်မှန်းချက် ထားထားသည်ဟု ရက္ခိုင့် တပ်မတော် (AA)၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “ကျနော်တို့က အခြေခံဥပဒေနဲ့ အညီ ‘ဝ’လိုမျိုး အာဏာခွဲဝေမှု မြင့်မားတဲ့ (Confederate) အခြေအနေကို ပိုသဘောကျတယ်။ ကျနော်တို့ ရခိုင်ပြည်၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုး မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျော်တယ်ထင်တယ်”ဟု ပြောသည်။

AA ၏ မဟာမိတ်ဖြစ်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်မျိုးကို လိုချင်ကြောင်း၊ ဖက်ဒရယ်ထက် ‘ဝ’ကဲ့သို့ ကွန်ဖက်ဒရိတ် က ပိုကောင်းသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဆိုသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “Confedarate ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတယ်။ ဒါပေမယ့် အတူတကွ ဘုံကာကွယ်ရေး စနစ်တွေတော့ ရှိမှာပေါ့။ ဒီခေတ်မှာတော့ ဈေးကွက်စနစ်တွေ နိုင်ငံခြားရေးတွေမှာ ပူးပေါင်းဆောင်ရွက်မယ်။ ကျန်တဲ့ ကိုယ့်ရဲ့ ကံတရားနဲ့ ကိုယ် စီမံပိုင်ခွင့်ဆိုတာကတော့ လူမျိုးတိုင်းရဲ့ ဆန္ဒမျှော်မှန်းချက်ပေါ့။ အဆင်ပြေအောင် ကျနော်တို့ ကြိုးစားလို့ ရပါတယ်”ဟုလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင် မဟာဗျူဟာကျသည့် စီမံကိန်းများ၊ စီးပွားရေးများရှိသော်လည်း ရခိုင်လူမျိုးများက ဆင်းရဲမွဲတေပြီး အကျိုးစီးပွားကို ခံစားရခြင်း မရှိဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

AA သည် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာ- အိန္ဒိယ နယ်စပ်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင် အခြေစိုက်ပြီး ယခုအခါ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ တွင် ဝင်ရောက်လှုပ်ရှားနေပြီ ဖြစ်သည်။

“ဝ တို့ မိုင်းလားတို့က ရှိပြီးသား ပြဿနာတွေ ဖြစ်တယ်။ အခု အသစ်နေရာတွေမှာ အဲ့လိုဖြစ်လာတယ်ဆိုရင် တော့ စစ်ပွဲတွေ ကြီးကြီးမားမား ပြန်ကြုံရနိုင်တယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာ မှားတယ် မှန်တယ်လို့ မှတ်ချက် မပေးချင်ပါဘူး။ ဖက်ဒရယ်ပုံစံနဲ့ ပတ်သတ်လို့ ကွန်ဖက်ဒရိတ် ပုံစံနဲ့ပတ်သတ်လို့ လူမျိုးတိုင်းက မတူတဲ့ စဉ်းစားမှုတွေရှိပါတယ်” ဟုလည်း ဦးမောင်မောင်စိုးက ပြောသည်။

၂၀၁၅ ခုနှစ်မှစ၍ မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ဝင်ရောက် လှုပ်ရှားလာသဖြင့် တပ်မတော်နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။

ဇန်နဝါရီလ ၄ ရက်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် ရဲစခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ပြီး လက်နက် ၄၀ကျော်၊ ကျည်ဆံ ၁၆၀၀၀ ကျော်တို့ကို ယူသွားသည်။တိုက်ခိုက်မှုတွင် ရဲ ၁၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရသည်။