ရန်ကုန် တိရစ္ဆာန် ဥယျာဉ်၌ ဆင်ပြတိုက် ဖွင့်လှစ်မည်

...

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်၌ ဆင်ပြတိုက် ဖွင့်လှစ်မည်

The Irrawaddy, 26 Feb 2019

URL: https://www.irrawaddy.com/news/burma/myanmars-1st-elephant-museum-open-next-month.html
မြန်မာနိုင်ငံတွင် ဆင်များ တရားမဝင် အသတ်ဖြတ်ခံနေမှုများကို အသိပညာပေးရန်အတွက် ဆင်ပြတိုက်ကို ရန်ကုန် တိရစ္ဆာန် ရုံတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ဆင်ပြတိုက်ကို မတ်လ ၃ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ သဘာဝသမိုင်းပြတိုက်တွင် ဖွင့် လှစ် သွားမည် ဖြစ်သည်။

ယင်းပြတိုက်၌ ဆင် အရိုးစုနှင့် အစိတ်အပိုင်းများ၊ ဆင်များ အကြောင်းအရာ များစွာကို ရုပ်သံ ပြကွက်များဖြင့် ပြသခြင်း၊ ကိုင်တွယ် ထိတွေ့ ကြည့်ရှုနိုင်သည့် ပြကွက်များလည်း ပါဝင် ပြသမည် ဖြစ်သည်။

သစ်တော ဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က “ဖမ်းဆီးရမိတဲ့ အစိတ်အပိုင်းတွေကို ဒီလိုမျိုး မီးရှို့ ဖျက်ဆီးရတာ အင်မတန်မှ နှမြောဖို့ ကောင်း ပါတယ်။ ကျနော်တို့အနေနဲ့ ကောင်းမွန်တဲ့ အစိတ်အပိုင်းတွေကို အခုလို ဆင်ပြတိုက်မှာ သစ်တော ဦးစီးဌာနဲ့ ပညာပေးပြခန်းတွေမှာ ထားရှိပြီးတော့ အများပြည်သူ လေ့လာနိုင်အောင် ပြသမှာဖြစ်ပါတယ်။ အဲဒီထဲကမှ ကျန်ရှိသည့် အစိတ်အပိုင်းများကို မီးရှို့ ဖျက်ဆီးမှာ ဖြစ်ပါ တယ်” ဟု ရှင်းပြသည်။

ယင်းပြတိုက်ကို သစ်တော ဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်း၍ ဖွင့်လှစ်သွားမည် ဖြစ်ကာ ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့ (WWF-Myanmar) မှ ငွေကြေး ပံ့ပိုးထားခြင်း ဖြစ်ကြောင်း သိရသည်။
သစ်တော နယ်မြေအတွင်း ကျက်စားနေသော တောရိုင်းဆင်များအား ထိန်းသိမ်း ကာကွယ်နိုင်ရန်၊ ဆင်နှင့် လူ ပဋိပက္ခ ဖြစ်ပွားမှုများကို လျော့နည်းစေရန်၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု၊ ဆင်နှင့် ဆင် အစိတ်အ ပိုင်းများအား တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများ တားဆီး နှိမ်နင်းရေးလုပ်ငန်းများတွင် လူထု ပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောသည်။

ဆင်ပြတိုက်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ် ပြသခြင်း ဖြစ်ကာ မြန်မာ့ သမိုင်းတွင် တောရိုင်း ဆင်နှင့် အိမ်မွေး ဆင်များ၏ အရေးပါသော အခန်းကဏ္ဍကို ပြသသွားမည် ဖြစ်သည်။ဆင်ပြတိုက်သို့ လာရောက် လေ့လာမည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အတွက် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စီစဉ်ထားရှိပြီး မည်သူမဆို လာရောက် လေ့လာနိုင်ရန် ပိတ်ရက် မရှိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။