မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေက ပူပန်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေး

...

မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေက ပူပန်မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေး

The Irrawaddy, 21 Feb 2019

URL: https://www.irrawaddy.com/opinion/rising-public-concern-vacant-land-law-amendment-goes-unaddressed.html
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြန်လည်ပြင်ဆင်ထားသော ဥပဒေ (၂၀၁၈) ပါ အမျိုးအစားမြေယာများကို စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုလိုပါက မှတ်ပုံတင်ရန် ခွင့်ပြုထား သည့် သတ်မှတ်ကာလ ၆ လသည် မတ်လ ၁၁ ရက်နေ့ တွင် ကုန်ဆုံးမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ထိုပြင်ဆင်ချက်ဥပဒေကို ယမန်နှစ် စက်တင်ဘာလက အတည်ပြုခဲ့ပြီးနောက် တလကျော်အကြာ တွင် ထိုဥပဒေပြဌာန်းချက်ကို ပြည်သူများ ပိုမိုသိရှိစေရန် အစိုးရ သည် နိုင်ငံပို င်မီဒီယာများမှတဆင့် ဖော်ပြပြီး ပြည်သူများကို မြေ ယာ မှတ်ပုံတင်ရန် တိုက်တွန်းခဲ့သည်။ သို့သော် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ အတိအကျ မရှိသေး ပေ။

ထိုဥပဒေပြဌာန်းချက်သည် မျှတမှုမရှိဟု တိုင်းရင်းသားလူနည်းစုများ၏ မြေယာပိုင်ဆိုင်မှုကို ခြိမ်းခြောက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ လူနည်းစုတိုင်းရင်းသားများသည် ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာ မြေယာလုပ်ပိုင်ခွင့် ကျင့်သုံးပြီး ဥပဒေအရ မြေယာလုပ်ပိုင်ခွင့် မရှိထားသည်ကများသောကြောင့် ၎င်းတို့ မြေယာ ဆုံးရှုံးရမည်ကို စိုးရိမ်ကြသည်။

ချင်းတိုင်းရင်းသားများသည် ချင်းပြည်နယ်အတွင်းရှိမြေယာများ၏ မူလပိုင်ရှင်များဖြစ်ကြောင်းနှင့် ဤသည်ကို ဌာနေချင်းတိုင်းရင်း သားများ၏ သဘောထားမပါဘဲ ပြင်ဆင်ပြောင်းလဲ၍ ရမည်မဟုတ်ကြောင်း CLAN ၏ ပြောခွင့်ရသူ မန်ဇခုပ် ကပြောသည်။ ချင်းတိုင်းရင်းသားများသည် ပြည်နယ်အတွင်းရှိ ဘိုးဘပိုင်မြေပေါ်တွင် နေထိုင်လုပ်ကိုင်နေသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ပြီ ဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေနှင့် ထိုဥပဒေပြင်ဆင်ချက်ဖြစ်သည့် ၂၀၁၈ ဥပဒေတို့ သည် ၎င်းတို့၏ ဘိုးဘွားပိုင်မြေများကို ဆုံးရှုံးရစေမည်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ၎င်းက ပြောဆိုသည်။

အလားတူစွာပင် ကရင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီနှင့် မွန်တိုင်းရင်းသား မြေယာလှုပ်ရှားမှုကွန်ရက်များနှင့် ရာနှင့်ချီသော လူထုအခြေပြုအဖွဲ့အစည်းများကလည်း ထိုဥပဒေအပေါ် စိုးရိမ် ပူပန်မှုများကို ထုတ် ဖော်ပြောဆိုထားကြသည်။

KNU သစ်တောဌာန တာဝန်ခံ ဖဒိုမန်းဘထွန်းက KNU အနေဖြင့် မြေယာမူဝါဒနှင့်ပတ်သက်၍ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ဆိုသည်။ မြေယာလုပ်ပိုင်ခွင့် သတ်မှတ်ရာတွင် အစိုးရက နိုင်ငံတော်ပိုင် မူဝါဒအတိုင်းဆောင်ရွက်ပြီး KNU က ကရင်တိုင်းရင်းသားလူထုပိုင် မြေယာမူဝါဒအရ ချဉ်းကပ်သောကြောင့် ဖြစ်သည် ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားဒေသများမှ ပြည်သူအများအပြားသည် ဘိုးဘွားပိုင်မြေ၊ ရပ်ရွာပိုင်သစ်တောနှင့် ရွှေ့ပြောင်း လယ်ယာပိုင်ဆိုင်မှု အပါအဝင် မြေယာကို အများခွဲဝေပိုင်ဆိုင်မှု နည်းလမ်းအတိုင်းကိုသာ ဆက်လက် ကျင့်သုံးလိုကြသည်။

မည်သည့်ဥပဒေပြင်ဆင်ချက်က စိတ်ပူပန်မှု ဖြစ်စေသနည်း။

ဓလေ့ထုံးတမ်းအစဉ်အလာ လုပ်ပိုင်ခွင့်အောက်ရှိ မြေယာများ မှတ်ပုံတင်ရန်မလိုဟု ပြင်ဆင်ချက်ဥပဒေတွင် ပါရှိသည်။ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက် ဥပဒေ အပိုဒ် ၃၀ အရ မှတ်ပုံတင်ရမည့် မြေယာများတွင် “(ခ) ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများ (ဂ) အများပြည်သူ နှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ အတွက် လက်ရှိအသုံးပြုထားသည့် မြေများ”သည် ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေအားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်က ပိုင်ဆိုင်ပြီး မြေအသုံးပြုသူတိုင်းသည် မြေစာရင်းဌာနတွင် မှတ်ပုံတင်ကြရသည်။

မြေလွတ်မြေလပ် မြေရိုင်းများ အသုံးပြုခွင့်အတွက် မှတ်ပုံတင်ရာတွင် စိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၈ ခုနှစ်မေလအထိ တောင်သူ ၅.၉ သန်းအတွက် မြေဧက ၂၄.၈၆ သန်းကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ် သည်ဟု သိရသည်။

ပြင်ဆင်ချက်ဥပဒေအရ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် မြေဧက ၃၀၀၀ မှ ၃၀၀၀၀ အထိကို နှစ်ရှည်သီးနှံ၊ ဥယျာဉ်ခြံ နှင့် စက်မှုကုန်ကြမ်းသီးနှံစိုက်ရန် ချထားပေးခွင့် ရှိသည်။ မူလဥပဒေက ဧက ၅၀၀၀ မှ ၅၀၀၀၀ အထိ ခွင့်ပြုထားသည်ကို ပြင်ဆင်ချက်တွင် လျှော့ချလိုက်ခြင်း ဖြစ်သည်။ မြေယာလုပ်ပိုင်ခွင့်ကို နှစ် ၃၀ အထိ ခွင့်ပြုနိုင်သည်။

အသေးစားလုပ်ကွက်ငယ် တောင်သူများအနေဖြင့်လည်း မိသားစု တနိုင်တပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် မြေဧက ၅၀ အထိလျှောက်ထားနိုင်သည်ဟု ဥပဒေတွင် ပြဌာန်ထားသည်။

မှတ်ပုံတင်ရန် ပျက်ကွက်ကာ ခွင့်ပြုမိန့်မရှိဘဲ မြေလွတ် မြေလပ် မြေရိုင်းများတွင် စိုက်ပျိုးလုပ်ကိုင်နေခြင်း သို့မဟုတ် ဝင်ရောက်နေ ထိုင်နေသူများကို တွေ့ရှိပါက ကျူးကျော်သူများအဖြစ် သတ်မှတ်မည် ဖြစ်ပြီး ထောင် ၂ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ် ၅ သိန်း အထိ ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ထိုဥပဒေတွင် ပြဌာန်းထားသည်။

ပြင်ဆင်ချက် ဥပဒေနှင့်ပတ်သက်ပြီး ကျေးလက်ပြည်သူများ သိရှိမှု အားနည်းသောကြောင့် သတင်းအချက်အလက်ရရှိစေရေး အတွက် ဝန်ကြီးဌာနက အကောင်းဆုံးကြိုးစားလုပ်ကိုင်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအ မြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်းက ဧရာဝတီ သတင်းဌာနသို့ မကြာသေးမီက ပြောဆိုထားသည်။