ပဏာမ အပစ်ရပ်စာချုပ် ချုပ်လိုကြောင်း အစိုးရကို မြောက်ပိုင်း မဟာမိတ် အဆိုပြု

...

ပဏာမ အပစ်ရပ်စာချုပ် ချုပ်လိုကြောင်း အစိုးရကို မြောက်ပိုင်း မဟာမိတ် အဆိုပြု

The Irrawaddy, 26 Feb 2019

URL: https://www.irrawaddy.com/news/burma/rebel-group-alliance-proposes-ceasefire-myanmar-military.html
အပစ်အခတ်ရပ်စဲရေးအတွက် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲ၍ အစိုးရနှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) များ ချုပ်ဆို လိုကြောင်း အစိုးရဘက်ကို အဆိုပြုလိုက်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ထံမှ သတင်းရရှိသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တို့သည် အစိုးရ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များနှင့် ဖေဖော်ဝါရီ လ ၂၅ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် အလွတ်သဘော ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးပွဲအပြီးတွင် TNLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ၎င်းတို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေဖြင့် Bilateral စာချုပ်များကို ၄ ဖွဲ့ အတူတကွ ထိုးလိုကြောင်း NRPC ဘက်သို့ အဆိုပြုလိုက်သည်ဟု ဧရာဝတီကို ပြော ဆိုခြင်း ဖြစ်သည်။

ဗိုလ်မှူး မိုင်းအိုက်ကျော် က “အဓိက ကတော့ ကျနော်တို့ဘက်က Bilateral ထိုးမယ်ဆိုရင် ၄ ဖွဲ့ တပြိုင်တည်း ထိုးချင်တယ်။ အဆိုပြုချက်ပေါ့။ သူတို့ဘက်ကတော့ အထက်ကို ယူသွားပြီး ပြန်တင်ပြမယ် ဆိုပြီးတော့ ပြောပါတယ်။ အဲ့လောက်ပါပဲ” ဟု ပြောသည်။

“မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ ပဏာမအပစ် အခတ်ရပ်စဲရေးအတွက် Bilateral စာချုပ်များ လက်မှတ် ရေးထိုး လိုပြီး NRPC ဘက်မှ Bilateral ထက် ကတိကဝတ်စာချုပ်တခု (Deep Of Commitment) ကို သဘောတူ လက်မှတ်ထိုးပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ရေးထိုး စေလိုကြောင်း ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။

အမည်မဖော်လိုသည့် တိုင်းရင်းသားခေါင်းဆောင်တဦးက ကူမင်းအစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် NRPC ကိုယ်စားလှယ်များ အကြား အပစ်ရပ်စာချုပ်များ ချုပ်ဆိုနိုင်ရေး အလွတ်သဘော ညှိနှိုင်းသော် လည်း နှစ်ဖက် ဆောင်ရွက်လိုသည့် အခြေအနေများ မတူညီသဖြင့် နှစ်ဖက် အထက်ခေါင်းဆောင်များကို ပြန်လည် တင်ပြမည်ဟူသည့် သဘောတူညီမှုဖြင့် ဆွေးနွေးမှုကို အဆုံးသတ်လိုက်သည်ဟု ဆိုသည်။

NRPC ဘက်မှ ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးခင်မောင်တင့်၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်စိုးနှင့် ဦးလှမောင်ရွှေတို့ သွားရောက် ဆွေးနွေးခဲ့ကြသည်။